မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတား ဖြတ်သန်းသွားလာမှုကို အိန္ဒိယနိုင်ငံဘက်မှ ခေတ္တရပ်ဆိုင်းထား

နေပြည်တော်  ၂၂   ဇန်နဝါရီ

 

ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တံတားဖြတ်သန်းသွားလာမှုကို အိန္ဒိယနိုင်ငံဘက်မှ ဇန်နဝါရီ ၂၁၊ ၂၂၊ ၂၅ နှင့် ၂၆ ရက်တို့တွင် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းပြည်နယ် ရိခေါဒါရ်မြို့ နယ်စပ်တံတားအား အိန္ဒိယနိုင်ငံ အာသံတပ်မတော်မှ Director General တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး Sangwan ၏ ခရီးစဉ်ရှိသဖြင့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ နှစ် (၇၀) ပြည့် Republic Day အထိမ်းအမှတ်အခမ်းအနားအား ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တွင်လည်းကောင်း အိန္ဒိယနိုင်ငံဘက်မှ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတား ခေတ္တပိတ်ထားမှုနှင့် စပ်လျဉ်း၍ ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လင်းခိုင်က “ဒီနေ့နဲ့ မနက်ဖြန် ပိတ်ထားမယ်ဆိုတာ ဟုတ်တယ်၊ အိန္ဒိယ နယ်စပ်ဘက် ဇိုခေါထာရ်စခန်းကို အိန္ဒိယနိုင်ငံဘက်က လူကြီးခရီးစဉ်ရှိလို့ ပိတ်ထားတာလို့ သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာလည်း အိန္ဒိယနိုင်ငံရဲ့ Republic Day အထိမ်းအမှတ်ပွဲ ပြုလုပ်မှာဖြစ်လို့ အိန္ဒိယဘက်က ခေတ္တပိတ်ထားတာပါ” ဟု ပြောသည်။

 

သို့ရာတွင် နယ်စပ်တံတား ခေတ္တပိတ်မည့် ကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဝန်ကြီးဌာနသို့ တရားဝင်အကြောင်းကြားထားမှု မရှိသေးကြောင်း ပြောကြားသည်။ ယင်းနေ့ရက်များတွင် နယ်စပ်တံတားပေါ်မှ ဖြတ်သန်းသွားလာမှု၊ လူနှင့် ကုန်စည်စီးဆင်းမှုများအား ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်းသိရသည်။

 

ဟန်လင်းနိုင်