မြန်မာ ယူ-၂၂ အသင်း တောင်ကိုရီးယား ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ဇန်နဝါရီ ၁၉

 

ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ဇွန်လ၌ တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် တောင်ကိုရီးယား ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း အာဆီယံနှင့် အာရှဒေသတွင်း၌ အဆင့်မြင့်ဆုံး ပြိုင်ပွဲများကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ မတ် ၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့်  အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ နိုဝင်ဘာလကုန်တွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တောင်ကိုရီးယား ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည့်ကာလမှာ အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးဖြစ်သောကြောင့် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 

ယင်းပြိုင်ပွဲတွင် တောင်ကိုရီးယားတက္ကသိုလ်၊ ဂျပန်၊ မြန်မာနှင့် အာရှနိုင်ငံများမှ လူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ကာလ၊ ကျင်းပမည့်ပုံစံနှင့် ပြိုင်ပွဲဝင်အသင်းများကို ပြန်လည်ထုတ်ပြန်မည်ဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် အဓိကပြင်ဆင်မည်ဖြစ်သည်။ 

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းကိုပြီးခဲ့သည့်ရက်ပိုင်းက နည်းပြချုပ်နေရာ အပြောင်းအလဲပြုလုပ်ထားပြီး ဦးကြည်လွင်အစား ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ပြောင်းလဲခန့်အပ်ထားသည်။မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် အချိန်ယူ ပြင်ဆင်မည်ဖြစ်ပြီး နိုဝင်ဘာတွင်လည်း ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ