မြန်မာ ယူ-၂၂ နှင့် ယူ-၁၈ အမျိုးသားအသင်းတို့အတွက် နည်းပြချုပ်သစ်များ ခန့်အပ်

ရန်ကုန် ၁၆ ဇန်နဝါရီ

 

နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းနှင့် မြန်မာ ယူ-၁၈ အမျိုးသားအသင်းကို နည်းပြချုပ်သစ်များ ဇန်နဝါရီ ၁၆ ရက်က ပြောင်းလဲခန့်အပ်ခဲ့သည်။

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်၊ မြန်မာ ယူ-၁၈ အသင်း နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းတို့ကို တာဝန်ပေးအပ်ခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် လေးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်သည့် အသင်းများအား နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်း၏ ယခင်နည်းပြ ဦးညီညီလတ်ကို အကယ်ဒမီများအတွက် လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ်လိုက်သောကြောင့် ဦးစိုးမြတ်မင်းကို အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဦးကြည်လွင်မှာမူ နည်းပြလိုင်စင်နှင့် အခြားကိစ္စရပ်များကြောင့် လမ်းခွဲကာ နည်းပြသစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ 

 

ဦးကြည်လွင်သည် မြန်မာဘောလုံးအသင်းများတွင် နည်းပြချုပ်၊ လက်ထောက်နည်းပြအဖြစ် ကာလရှည် ဆောင်ရွက်ခဲ့သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အနေအထားများ အားလုံးအပေါ် ချင့်ချိန်သုံးသပ်ပြီးမှ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဦးကြည်လွင်ကို တစ်လလျှင် ကျပ် ၂၅ သိန်းဖြင့် ခန့်အပ်ထားခြင်းဖြစ်ပြီး လမ်းခွဲခဲ့သောကြောင့် လျော်ကြေးအဖြစ် သုံးလစာ ကျပ် ၇၅ သိန်း ပေးအပ်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခံရသည့် ပိုပေါ့ဗ်သည် ဖေဖော်ဝါရီလဆန်းတွင် အသင်းအား စတင်ကိုင်တွယ်မည်ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၂ ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

ပိုပေါ့ဗ်သည် ယူအီးအက်ဖ်အေ ပရိုလိုင်စင်ရထားသူဖြစ်ပြီး လက်ရွေးစင်အသင်းအဖြစ် မော်လ်ဒိုက်အသင်းကိုသာ ၂၀၁၅ ခုနှစ်က ကိုင်တွယ်ဖူးသူ ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲပြီးဆုံးပါက မတ်လတွင် အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် နိုဝင်ဘာတွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းမှာမူ ယခုရက်ပိုင်းအတွင်း စတင်ကိုင်တွယ်မည်ဖြစ်ပြီး ယင်းအသင်းမှာ MNL ယူ-၂၁ ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် အမြန်ဆုံးကိုင်တွယ်ခြင်းဖြစ်သည်။

 

ဦးစိုးမြတ်မင်းသည် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် နောက်ဆုံးဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် နည်းပြအားလုံးကို နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုး၊ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်း၊ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ မြန်မာ ယူ-၁၅ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် တာကာမူ (ဂျပန်) တို့ကို ဆက်လက်တာဝန်ပေးအပ်ခဲ့သည်။ 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်