မြန်မာအသင်း ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ပွဲစဉ် အပြောင်းအလဲဖြစ်ပေါ်

၁၇ ဇန်နဝါရီ

 

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် အသင်းအချို့ နုတ်ထွက်ခဲ့သောကြောင့် ပွဲစဉ်အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။


ယင်းပြိုင်ပွဲတွင် မူလက ၁၁ သင်းယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး အုပ်စုများ ထွက်ပေါ်ပြီးမှ အုပ်စု(က)မှ ဘရူနိုင်းနှင့် အုပ်စု (ခ) မှ စင်ကာပူအသင်းတို့ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

 

ထို့ကြောင့် အုပ်စု (က) တွင် ငါးသင်း၊ အုပ်စု(ခ) တွင် လေးသင်းသာ ကျန်ရှိတော့ပြီး အုပ်စု(က) တွင် ဗီယက်နမ်၊ ထိုင်း၊ တီမော၊ လာအို၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။ မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

 

ယင်းပြိုင်ပွဲမှာ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်သစ် ပိုပေါ့ဗ်အတွက် ပထမဆုံးနိုင်ငံတကာပွဲဖြစ်သည်။ ပိုပေါ့ဗ်သည်  ပဏာမလက်ရွေးစင်ကစားသမားများအား အသစ်ပြန်လည်ရွေးချယ်မည်ဖြစ်သော်လည်း ယခင်ရွေးချယ်ထားသည့် ကစားသမားအများစု ပြန်လည်ပါဝင်လာဖွယ်ရှိနေသည်။ 

 

မြန်မာ ယူ-၂၂ အသင်းသည် ယင်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီ ၄ ရက်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး နည်းပြသစ် ပိုပေါ့ဗ်သည် လေ့ကျင့်မှုမပြုလုပ်မီ ကစားသမားများ ရွေးချယ်ရန် ပြည်တွင်းလိဂ်ပွဲများအား စောင့်ကြည့်မည်ဖြစ်သည်။ 

 

မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အင်ဒိုနီးရှားအသင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် မတ်လ၌ အာရှ ယူ ၂၃ ခြေစစ်ပွဲ၊ နိုဝင်ဘာနောက်ဆုံးပတ်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်