မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေ့ကလေးထိန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၁၁  ဇန်နဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး ဒေါ်ခိုင်နွယ်ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဖွင့်လှစ်သည့် နေ့ကလေးထိန်းကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

mdn

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့် ဇနီးဒေါ်ခင်ညွှန့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် ဇနီးဒေါ်မိုးစန္ဒာမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစမ်းစမ်းအေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် ဒေါက်တာ စမ်းစမ်းအေးတို့က နေ့ကလေးထိန်း ကျောင်းအား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ယင်းနောက်အခမ်းအနား တက်ရောက်လာကြသူများကို နေ့ကလေးထိန်း ကျောင်းမှ ကလေးငယ်များက ကဗျာများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီးနှင့် တာဝန်ရှိသူများက နေ့ကလေး ထိန်းကျောင်းရှိ ကလေးငယ်များအား ကစားစရာအရုပ်များ ပေးအပ်ကာ ကလေး ငယ်များအား နေ့လယ်စာ ကျွေးမွေးရန် ပြင်ဆင်ထားရှိမှု၊ နေ့ကလေးထိန်းကျောင်းအတွင်း ကလေးငယ်များအတွက် ကစားစရာများနှင့်  အသုံးအဆောင်ပစ္စည်များ ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

 

mdn

 

အဆိုပါ နေ့ကလေးထိန်းကျောင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းမိသားစုများ၏ ကလေးများကို ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိပြီး အသက် ၁ နှစ်ဝန်း ကျင်ကလေး ၁၂ ဦး၊ အသက် ၂ နှစ်ဝန်းကျင် ကလေး ၁၈ ဦး၊ အသက် ၃ နှစ်ဝန်းကျင် ကလေး ၂၁ ဦး၊ အသက် ၄ နှစ်ဝန်းကျင် ကလေး ၅ ဦးစုစုပေါင်းကလေး ၅၆ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)