မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ အသေးစား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်ပို့ချ

ကျောက်ကြီး ၂၂ ဇန်နဝါရီ


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် မြို့တွင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ခြင်း စီမံချက်မှ ဦးဆောင်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ စီမံကိန်းကျောင်း (၄)ကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၄ ဦးအား အသေးစားရှာဖွေရေးနှင့် ကယ်ဆယ်ရေး သင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ခြင်းစီမံချက် ကွင်းဆင်းအရာရှိ ဦးကျော်ကျော်နိုင် က ကျောက်ကြီးမြို့နယ်၌  ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက် ပထမစက်ဝန်း ကာလအတွင်း ရွေးချယ်ထားသော စီမံကိန်းကျောင်း (၇)ကျောင်းနှင့် ကျေးရွာ (၇)ရွာတို့အား မတော်တဆ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ပြင်ပအကူအညီများ မရောက်ခင် မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်းပြောကြားသည်။ 


ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးဝင်းထွန်းက မီးသတ်တပ်ဖွဲ့အနေနှင့် ကြက်ခြေနီ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းစီမံချက်အဖွဲ့နှင့် ပူးပေါင်းပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဘာသာရပ်များကို ကျွမ်းကျင်နည်းပြများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သင်တန်းကို ဇန်နဝါရီ  ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်တာ ရက်တိုသင်တန်းပို့ချပေးမည်ဖြစ်ပြီး ကျန်နေသည့် စီမံကိန်းဝင် ကျေးရွာများနှင့် ကျောင်းများအား မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်နည်းပြများ၊ မီးသတ်တပ်ဖွဲ့ နည်းပြများ အကူအညီနှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။


ကိုသားကြီး(ကျောက်ကြီး)