မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့  ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၁  ဇန်နဝါရီ 

 

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard) ဖွဲ့စည်း ဆောင် ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာ စကားပြောကြားရာ  မြန်မာနိုင်ငံအနေဖြင့် ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၀ဝ ကျော် ရှည်လျားသည့် နိုင်ငံဖြစ်သည်နှင့်အညီ  မိမိကမ်းရိုးတန်းနှင့်ရေပြင် နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး စသည့် Traditional security measures များအပြင် ကမ်းလွန်တူးဖော်ရေး လုပ်ငန်းများ၊ တိုးချဲ့တည်ဆောက်လာသော ရေနက် ဆိပ်ကမ်းများနှင့် သဘာဝပတ်ဝန်းကျင်၊ သယံဇာတများကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရန်၊ ခေတ်ကာလအလိုက် တိုးတက်ဖြစ်ပေါ်လာသော စိန်ခေါ်မှုများဖြစ်သည့် ရေကြောင်းမတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် Non-traditional maritime security threats များဖြစ်သည့် လူကုန်ကူးခြင်း၊ တရားမဝင် ဝင်ရောက်ခြင်း၊ မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများအပြင် IUU (Illegal, Unlawful, Unregulated Fishing) တရားမဝင် ငါးဖမ်းခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များကို ထိရောက်စွာ ကာကွယ်တားဆီးရန် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဖွဲ့စည်းဆောင်ရွက်ရာတွင် မည်သည့်နည်းလမ်းက အသင့်တော်ဆုံးဖြစ်မည်၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းစေ သင့်သည်၊ မည်သို့ဖွဲ့စည်းသင့်သည်၊ မည်သည့်ဥပဒေအရ စီမံကွပ်ကဲရမည် စသော အချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးနိုင်ရန်နှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများနှင့် ရရှိနိုင်မည့် အခွင့်အလမ်းများ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းများ ပြုလုပ်ပြီး အရေအတွက်နှင့် အရည်အသွေးအရ ဆန်းစစ်ခြင်းများပြုလုပ်ရန် လိုအပ်ကြောင်း၊ အဆိုပါ ရရှိလာသော အကဲဖြတ်ချက်ရလဒ်များ အပေါ်အခြေခံ၍ ဆောင်ရွက်သင့်မှုကို နိုင်ငံတော်သမ္မတရုံးသို့  ပြန်လည်တင်ပြသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံတကာတွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပုံ၊ နည်းလမ်းများကို ဆွေးနွေး တင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)