မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်များဖြင့် ဖော်ကျူးရိုက်ကူးထားသည့် ဇာတ်ကားများကို အဓိကထားရိုက်ကူးမည့် အကယ်ဒမီ ထွန်းအိန္ဒြာဗို 

၁၈ ဇန်နဝါရီ


ဇာတ်လမ်းများကို ရွေးချယ်ရိုက်ကူးလာသည့် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် အနေနှင့်  လတ်တလော ရုံတင်ပြသနေသော ရုပ်ရှင်ဇာတ်ကားတွေနှင့်ပတ်သက်ပြီး "ကျွန်မအတတ်နိုင်ဆုံးတော့ အားတဲ့နေ့တွေရှိရင် သွားကြည့်ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်လောကမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို ကိုယ်အားတဲ့ရက်တွေ တိုက်ဆိုင်ရင်ကြည့်ဖြစ်ပါတယ်။ နယ်တွေ ရောက်နေရင်တောင်မှ နယ်ကရုပ်ရှင်ရုံတွေမှာ ကြည့်ဖြစ်ပါတယ်။ 


အသက်အရွယ်ကြီးလာတော့ ကိုယ့်လောကကိုယ် ပြန်မြင်တတ်အောင်လည်းပါတယ်။ နောက်ပြီး ကိုယ်တိုင်လည်းသူငယ်ချင်းတွေနဲ့ ထုတ်လုပ်ရေး တည်ထောင်ထားတဲ့အတွက်ကြောင့် လေ့လာတာလည်း ပါပါတယ်။ တကယ်အားပေးချင်တာကြောင့်လည်း ပါပါတယ်"လို့ ဆိုပါတယ်။ "ခသုံးလုံး" ထုတ်လုပ်ရေးအနေနဲ့ ထုတ်လုပ်ရိုက်ကူးဖို့ ဘယ်လိုအကြောင်းအရာမျိုးတွေ ရွေးချယ်ထားလဲဆိုတာ မေးကြည့်တော့ "ကျွန်မတို့တစ်တွေ ဒရမ်မာလေးတွေ စရိုက်ကြတော့မယ်ဆိုတဲ့အတွေးနဲ့ လိုအပ်တာလေးတွေ တိုင်ပင်ကြတာပါ။ ဒရမ်မာဇာတ်ကား ကောင်းကောင်း(၅)ခုရထားတယ်။ 


ကိုခန့်က စိတ်ထဲမှာ တကယ်ကို မြန်မာမှုကို သေချာဖော်ကျူးတဲ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေပါတဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်မျိုးလည်း သူရိုက်ချင်တယ်။ ကျွန်မကျတော့လည်း ဒီဘက်ခေတ် ကျောင်းဆင်းလူငယ်တွေနဲ့ သွားတဲ့ သည်းထိတ်ရင်ဖိုဝတ္ထုမျိုး ရိုက်ချင်တယ်။ မခိုင်လေးကျတော့လည်း သူကိုယ်တိုင်ဘယ်လို ဒရမ်မာကိုသရုပ်ဆောင်မယ်ဆိုတဲ့ ဇာတ်အိမ်ကောင်းကောင်းမျိုးကို ရိုက်ချင်တယ်။ မခိုင်လေးကျတော့လည်း ဒရမ်မာကို သေသေချာချာ လုပ်နိုင်ပြီးတော့ ဒရမ်မာနဲ့ပဲ အကယ်ဒမီရထားတယ်။ ဒါပေမယ့် ဈေးကွက်အနေအထားအရ ဟာသဆိုလည်းသူက ထိပ်ဆုံးရောက်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတော့ ပရိသတ်က သူ့ကိုဒရမ်မာမှာ မေ့နေမှာလည်း ကျွန်မတို့က စိုးရိမ်တယ်။ မခိုင်လေးအတွက် ဒရမ်မာကောင်းကောင်းလည်း ရိုက်ချင်တယ်၊ မခိုင်လေးကိုယ်တိုင်လည်း ဆန္ဒရှိပါတယ်" ဟုဆိုသည်။


ကိုလင်း