မန္တလေးတိုင်းဒေသကြီး၌ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်နိုင်ရန်  ညှိနှိုင်းစည်းဝေး

မန္တလေး  ၁၇  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေနှင့်အညီ ယဉ်ကျေးမှု အမွေအနှစ်များအား ပိုမိုထိရောက်စွာကာကွယ်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၅×၇၆လမ်းကြား၊ ၂၇×၂၉လမ်းကြားရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) ရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဒေါ်စိုးစိုးဝင်း ယဉ်ကျေးမှု အမွေအနှစ်များအား ပိုမိုထိရောက်စွာကာကွယ်နိုင်ရန်အတွက်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးအဆင့်၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

ယဉ်ကျေးမှုအမွေအနှစ်များအား ပိုမိုထိရောက်စွာကာကွယ်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၄၀ဝ)ဖြင့် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ရာ မြနန်းစံကျော်ရွှေနန်းတော် အထွေထွေပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ကျပ်သိန်း(၃၀ဝ)နှင့် မြင်းခြံခရိုင်၊ ဆီမီးခုံရွာ ယွန်းကျောင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ကျပ်သိန်း(၁၀ဝ) စုစုပေါင်း ကျပ်သိန်း(၄၀ဝ)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းထံမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)