မပုပ်မသိုး ပျံလွန်တော်မူနေသော ရခိုင်ကျောင်းဆရာတော်

စစ်တွေ ၁၉ ဇန်နဝါရီ 

 

ရခိုင်ကျောင်းဆရာတော်ဟု လူသိများသော ဆရာတော်ကြီး ဘဒ္ဒန္တအရှင်ဉာဏစက္က မထေရ်မြတ်သည် ရခိုင်ပြည်နယ် ပေါက်တောမြို့ တောင်ချောင်ကျေးရွာဇာတိဖြစ်သည်။ အကျင့်သီလ၊ သိက္ခာ၊ သမာဓိနှင့် ပြည့်စုံသောကြောင့် ကြည်ညိုသူပေါများခဲ့ပြီး မြန်မာပြည်အနှံ့ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများ အထူးအောင်မြင်ခဲ့သည်။ ဆရာတော်ကြီးသည် ၂၀၁၄ ခုနှစ် သက်တော် ၉၂ နှစ်မှာပင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြို့မပဒေသာ ရပ်ကွက် ရေချမ်းစင်ခရီးတောင်၌ အေးရိပ်သာကျောင်းတိုက်တစ်ခုကို သာသနာမျိုး စေ့ချပေး ခဲ့နိုင်သလို ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် စသည်တို့တွင်လည်း ကျောင်းတိုက်ပေါင်း ၅၂ ကျောင်း ထူထောင်ပြီး သာသနာမျိုးစေ့ချပေး ခဲ့သည်။

 

ဆရာတော်ကြီး အရှင်ဉာဏစက္ကသည် ရန်ကုန်မြို့ ပုလဲမြို့သစ် ဉာဏရွာရှိ မင်္ဂလာသီရိ ကျောင်းမှ မန္တလေးတိုင်းဒေသကြီး တံတားဦးလေဆိပ်အနီး စကားကင်းကျေးရွာရှိ မင်္ဂလာ ဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။ ဆရာတော်ကြီးသည် နွေရာသီ သုံးလခန့်တွင် တံတားဦးရှိ မင်္ဂလာဇေယျုံကျောင်းတိုက်မှ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် အေးရိပ်သာကျောင်းတိုက်၌ ကြွရောက်သီတင်း သုံးကာ ဒါယကာ၊ ဒါယိကာမများအား တရားဟော၊ တရားပြကာ ကုသိုလ်ပွားစေခဲ့သည်။ ကျေးဇူးတော်ရှင် ကမ္မဌာနာစရိယ ဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏစက္ကသည် မန္တလေးတိုင်းဒေသကြီး တံတားဦးလေဆိပ်အနီး စကားကင်းကျေးရွာရှိ မင်္ဂလာဇေယျုံကျောင်းတိုက်တွင် ၂၀၁၈ ခုနှစ် ဧပြီ ၃ ရက် ညနေ ၄ နာရီ သက်တော်( ၉၅) နှစ်၊ သိက္ခာတော် (၆၉) ဝါအရတွင် ခန္ဓာဝန်ချတော်မူခဲ့သည်။

 

ဆရာတော်၏ ရုပ်အလောင်းကို ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက် တွင် ဆရာတော်၏ တပည့်ရဟန်းများနှင့် ကျောင်းဒါယကာ၊ ဒါယိကာမ များက စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ စိတ္တသုခကမ္မဋ္ဌာန်းကျောင်းသို့ လေယာဉ်စင်းလုံးငှားကာ ပင့်ဆောင်လာခဲ့ကြပြီး အောင်သန်းကျောင်း (ယာယီစံကျောင်း)ပေါ်တွင် ပြည်သူများ အပူဇော်ခံနိုင်ရန် ကိုးလ ကျော် ထားရှိခဲ့သည်။ ပျံလွန်တော်မူသော ဆရာတော်ကြီး၏ ခန္ဓာကိုယ်အား မပုပ်မသိုး ဘဲ အံဩဖွယ်ရာ ဖူးမြော်နေကြရသည်။ ထူးခြားသည့်အချက်မှာ ဆရာတော်၏ ခြေသည်း၊ လက်သည်းနှင့် ဆံပင်များ ပုံမှန်အတိုင်း ရှည်ထွက်နေဆဲ ဖြစ်သည်။

 

ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ခါက "ငါသေရင် မြေမခနှင့်၊ ရေမချနှင့်၊ မီးမမြိုက်နှင့်}}ဟု တပည့်ရ ဟန်းများနှင့် ဒါယကာများအား မှာကြားထားခဲ့သဖြင့် ဆရာတော်၏ မွေးရပ်မြေ၌ စံကျောင်းတော်ကြီး ဖြင့်ထားရှိမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် ပြာသိုလဆန်း ၈ ရက်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို စစ်တွေမြို့ အောင်သန်းကျောင်း (ယာယီစံကျောင်း)မှ ပေါက်တောမြို့သို့ ဇက်သင်္ဘောဖြင့် ပင့်ဆောင် ခဲ့ကြသည်။ ပေါက်တောမြို့မှတစ်ဆင့် ဆရာတော်ကြီး၏ မွေးရပ် ဇာတိမြေ တောင်ချောင်ကျေးရွာသို့ ရုပ်ကလာပ်တော်ကို ဆက်လက် ပင့်ဆောင်စဉ် လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အပူဇော်ခံခဲ့သည်။

 

ယခုအချိန်တွင်ဆရာတော်ကြီး၏ရုပ်ကလာပ်တော်မှာ မွေးရပ်မြေ ပေါက်တောမြို့ တောင်ချောင်ကျေးရွာရှိ စံကျောင်းတော်ကြီး၌ စံမြန်း တော်မူလျက်ရှိနေပါ၍ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်ရန် လာရောက် နိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

 

အောင်ကြည်မိုး(စစ်တွေ)