မသိဘူး ထိုင်းစာတွေပဲစားမယ်ဆိုတဲ့သူတွေအတွက် ဆိုင်သစ်လေးတစ်ဆိုင် တွေ့ထားတယ်ဗျို့

၂၆ ဒီဇင်ဘာ

 

မသိဘူးစားမယ် ဆိုတဲ့ My Lann အဖွဲ့သားတွေက ပြီးခဲ့တဲ့အပတ်တုန်းက စံပြရုပ်ရှင်ရုံကို ရုပ်ရှင်ကြည့်ဖို့ သွားခဲ့ပါတယ်။ လက်မှတ်ဝယ်ပြီးတော့ အချိန်ကလည်း စောနေပြန်၊ ဗိုက်တွေကလည်း ဆာတော့ တစ်ခုခု စားမယ်ဆိုပြီး နီးနီးနားနား ပတ်ရှာကြရာကနေ My Siam ဆိုတဲ့ စားသောက်ဆိုင်လေးကို ရောက်ခဲ့ပါတယ်။

 

ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အဓိက ခံစားမိတာကတော့ အေးမြမှုပါပဲ။ နေ့လည် ၂ နာရီကျော် ရန်ကုန်ရဲ့ ပူလောင်မှုတွေကနေ လွတ်မြောက်ဖို့ လုံလောက်ခဲ့ပါတယ်။ My Lann အဖွဲ့သားတွေကတော့ သူတို့ဆိုင်ရဲ့ Menu အသစ်ကိုပဲ မှာစားပစ်ခဲ့ပါတယ်။ ဘာတွေလည်းဆိုတာ တစ်ချက်လောက် ကြည့်လိုက်ရအောင်နော်။

 

ဝက်ခါးရိုးချဉ်စပ် (အနောက် နဲ့ အကြည်)

 

ဒီဟင်းလျာကတော့ ထိုင်းနဲ့နီးစပ်တဲ့သူတွေ အကုန်နီးပါးသိတဲ့ ဟင်းလျာတစ်ခုပါ။ တော်တော်လေးလည်း စားလို့ကောင်းပြီး ရန်ကုန်က အခြားသောဆိုင်တွေမှာ မတွေ့မိရသလောက်လည်း ရှားပါးပါတယ်။ ဒီဝက်ခါးရိုးချဉ်စပ်ရဲ့ အရသာကတော့ နာမည်နဲ့လိုက်ဖက်အောင်ပဲ ချဉ်ချဉ်စပ်စပ်လေးဖြစ်ပြီး မီးဖိုလေးနဲ့ ပူပူလေး စားရတာလည်း ဖြစ်ပါတယ်။ ချဉ်ငန်စပ်ဆိုပေမယ့် စပါးလင်တို့  ပဒဲကောတို့ မပါဝင်ပါဘူးနော်။ အနောက်မှာတော့ အုန်းနို့ပါပြီး အကြည်ထက်စာရင် ပိုဆိမ့် ပိုအရသာရှိပါတယ်။ အစပ်ကြိုက်ရင်တော့ အကြည်ကို ညွှန်းချင်ပြီး အစပ်ကိုမှ ဆိမ့်ဆိမ့်လေးကြိုက်ရင်တော့ အနောက်ကို ညွှန်းချင်ပါတယ်။

 

ဒါနဲ့ ပုံမှာ အရိုးတုံးကြီးမြင်လို့ စိတ်မပျက်သွားပါနဲ့ဦးနော်။

 

အရသာအရှိဆုံးအသားက အရိုးမှာ ကပ်နေတဲ့ အသားလို့လည်း ပြောစမှတ် ပြုကြတယ်မလား။ အမြင်အရ ထင်ထားတာထက် အသားတွေ အများကြီးပါပါတယ်လို့။ တကယ်လည်း ဖဲ့စားကြည့်ရော နူးညံ့တဲ့အသား၊ ကောင်းမွန်လှတဲ့ အရသာတွေဟာ ဆွေမျိုးပါမေ့သွားစေနိုင်လောက်တယ်လို့ဒါနဲ့ ဈေးနှုန်းလေးကတော့ ၁ သောင်းဖြစ်ပါတယ်။

 

လင်ဗန်းထမင်း

 

လင်ဗန်းထမင်းကို အစားနည်းတဲ့သူစားရင် ၄ ယောက် ဒါမှမဟုတ် အစားကြီးတဲ့သူစားမယ်ဆိုရင် ၂ ယောက် အဝ စားနိုင်ပါတယ်နော်။ ပင်လယ်စာ မဟုတ်တဲ့ မိမိကြိုက်နှစ်သက်ရာ အသားဟင်းပွဲ ၂ ပွဲနဲ့ ကြက်ဥပြုတ်/ကြော် လေးတွေကိုမှ ၁ သောင်းပဲကျမှာ ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေဖြစ်ဖြစ် ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သွားမယ်ဆိုရင်တော့ ဒီလင်ဗန်းထမင်းကို ညွှန်းချင်ပါတယ်နော်။ တစ်လင်ဗန်းထဲ အတူတကွ စားသောက်ရင်း ပျော်စရာ အမှတ်တရတွေကိုလည်း ဖန်တီးနိုင်မယ်လို့ ထင်ပါတယ်။

 

My Lann အဖွဲ့သားတွေစားခဲ့တာကတော့ သုံးထပ်သားအခေါက်ကင်ကိုက်လန် နဲ့ ကြက်ပင်စိမ်းတို့နဲ့ပါ။ ဒီလောက်အများကြီးကိုမှ ၁ သောင်းပဲ ကျပါတယ်။ ပင်လယ်စာ ဟင်းပွဲနဲ့ဆိုရင်တော့ ၁သောင်း ၂ ထောင်ပါတဲ့။

 

ငါးထန်

 

ဆိုင်ကို လာစားကြတဲ့သူတွေက ကုန့်ထန်ကို တော်တော်ကြိုက်ကြပါတယ်။ ဒါပေမဲ့ ဂဏန်းမစားတဲ့သူတွေအတွက်ကြတော့ ငါးထန်မရှိဘူးလားဆိုပြီး မေးရာကနေ ဒီလိုမျိုး အရသာရှိလှတဲ့ ငါးထန်ကို ဖန်တီးဖြစ်ပါတယ်တဲ့။ ငါးရဲ့နူးညံ့မှု နဲ့ အနှစ် sauce ရဲ့ အရသာတို့ပေါင်းစပ်လိုက်တော့ ချိုဆိမ့်အရသာ ငါးထန်လေး ဖြစ်သွားပြီပေါ့။ ငါးထန်ရဲ့ ဈေးနှုန်းကတော့ ၈ ထောင်ပါ။

 

ကြက်ပေါင်းငှက်သိုက်ကြွပ်ကြွပ်ကြော်

 

ဒါကတော့ နာမည်နဲ့လိုက်ဖက်အောင်ပဲ ကြက်သားလေးကို အကြွပ်အနေအထားနဲ့ စားရမှာပါ။ ကြက်က ကြွပ်တယ်ဆိုပေမဲ့ ပေါင်းထားတာဆိုတော့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ နူးညံ့မှုကို ခံစားမိမှာပါ။ ထိုင်း sauce လေးနဲ့ တွဲစားရပြီး သာမှန်ကြက်ကြော်တွေကို ငြီးငွေ့နေသူတွေအနေနဲ့ မြည်းစမ်းကြည့်သင့်ပါတယ်။ ဈေးနှုန်းကတော့ ၇ ထောင်ပါ။

 

အခြားအစားအစာများ

 

အစားအစာဈေးတွေကတော့ ပျမ်းမျှ ၃၅၀ဝ လောက်ကနေစပြီး ၁သောင်းကျော်ကျော်ထိ ရှိပါတယ်။ သက်သက်လွတ် ဟင်းလျာတွေလည်း ရပြီး ဆိုင်ရဲ့ ဝန်ဆောင်မှုကလည်း အဆင်ပြေပါတယ်။ ရေခဲသုပ်တို့ smoothies တို့လည်းရပြီး အခြားပင်လယ်စာဟင်းလျာတွေလည်း စုံစုံလင်လင်ရပါတယ်။

 

My Siam ဆိုင်ကတော့ နံပါတ် ၁ နဲ့ ၂ ဆိုပြီး ၂ ဆိုင်ရှိပါတယ်။ My Lann အဖွဲ့သားတွေ သွားခဲ့တာကတော့ စံပြရုပ်ရှင်ရုံအောက်မှာ ရှိတဲ့ My Siam (2) ပါ။

 

လိပ်စာအတိအကျကတော့

 

အမှတ် ၂၁၀ ၊ ဘုန်းကြီးလမ်း နှင့် အနော်ရထာလမ်းထောင့်၊ စံပြရုပ်ရှင်အောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။

 

အော်ဒါတွေ ဘွတ်ကင်တွေ တင်ဖို့အတွက် ဖုန်းကတော့ 09 769133901 ဖြစ်ပါတယ်။

 

ကဲအခုပဲ ထိုင်းစာကြိုက်တဲ့ မိမိတို့ရဲ့ မိတ်ဆွေတွေကို ဒီဆိုင်သတင်းလေး လက်တို့လိုက်ကြရအောင်နော်။

 

ဟန်နီ (My Lann)