ငြိမ်းချမ်းရေး သင်္ဘောကြီးကို ငြိမ်းချမ်းရေးလိုလားသည့် လက်မှတ်ပေါင်း ၁၇၀ဝဝ နီးပါး ရရှိ

မကွေး ၂၇ နိုဝင်ဘာ 

 

မန္တလေးမြို့မှ စတင်ထွက်ခွာလာသော ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ လက်ဆင့်ပွား ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ မြစ်ကြောင်းတလျှောက်ရှိ မြို့နယ်များသို့ ရောက်ရှိလာသော ငြိမ်းချမ်းရေး သင်္ဘောကြီးကို ဒေသခံများက ကြိုဆို၍ ၎င်းတို့ထံမှ ငြိမ်းချမ်းရေးလိုလားသည့် လက်မှတ်ပေါင်း ၁၇၀ဝဝ နီးပါး ရရှိနေကြောင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စာရေးဆရာဇေယျာမင်းရှင်ထံမှ သိရသည်။

 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သင်္ဘောဖြင့် စုန်ဆင်းလျှက်ရှိသော ငြိမ်းချမ်းရေးတွဲလက်များ ငြိမ်းချမ်းရေး သင်္ဘောကြီးသည် မကွေးမြို့ကို နိုဝင်ဘာလ ၂၄ ရက်က ရောက်ရှိ၍ လူမှုရေးအဖွဲ့ အစည်းများက ကြိုဆိုခဲ့ သည်။

 

ငြိမ်းချမ်းရေးသင်္ဘောကြီးပေါ်တွင် ခဝဲခြံမျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားကျောင်းသူများ မြစ်ကြီးနား မျက်မမြင်ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ သုံးရောင်ချယ် ပြည်သူလူထုကူညီရေးကွန်ရက် ကွန်ရက်ဝင်များ၊ ၈၈ ငြိမ်းချမ်းရေးပွင့်လင်း လူ့အဖွဲ့အစည်းမှသူများ စာရေးဆရာ ကဗျာဆရာ ဂီတဆရာများ၊ စုစုပေါင်းအင်အား (၉၀)ကျော် သင်္ဘောကြီးတွင် ပါရှိကြောင်း ငြိမ်းချမ်းရေးတွဲလက်များ ငြိမ်းချမ်းရေးခရီးတွင်ပါရှိသည်ဟု ပြန်ကြားရေးတာဝန်ခံ ဇေယျာမင်းရှင် က ပြောသည်။

 

"ငြိမ်းချမ်းရေးသင်္ဘောကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအပါအဝင် ဘယ်အဖွဲ့အစည်းမှ ကျောထောက်နောက်ခံ ပြုထားတာမဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းရဲ့ စေခိုင်းမှုကြောင့်မှ ဆောင်ရွက်တာ မဟုတ်ပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းဖို့အတွက်နဲ့ ရပ်တံ့နေတဲ့ပြည်တွင်းငြိ်မ်းချမ်းရေး ဖြစ်စဉ်ကြီးကို ပြည်သူလူထုအင်အားနဲ့ တွန်းအားပေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေး တွဲလက်တွေက ဆောင်ရွက်ခဲ့ကြတာပါဟု ၎င်းကပြောသည်။

 

 

အဆိုပါ ငြိ်မ်းချမ်းရေးသင်္ဘောကြီးသည် မကွေးမြို့တွင် နှစ်ညအိပ်မည်ဖြစ်ပြီး သင်္ဘောကြီးပေါ်တွင် ပါလာသည့် အဖွဲ့အစည်းများက ဒေသခံပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံပြီး ငြိမ်းချမ်းရေးလက်မှတ်များ ကောက်ခံခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများ ဆောင်ရွက်ခြင်း ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ဆွေးနွေးခြင်း၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နေအိမ်သို့ သွာရောက်လေ့လာခြင်း၊ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးကမ်ပိန်း၊ ညပိုင်းတွင် ငြိမ်းချမ်းရေးဂီတ ပွဲတော်များကို ဆောင်ရွက်ခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးမှ စတင်ထွက်ခွာလာပြီး မြို့နယ် ၁၀ မြို့နယ်ဒေသခံများ၏ လက်မှတ်ပေါင်း နိုဝင်ဘာလ ၂၃ ရက် ညအထိ ၁၅၀ဝဝ နီးပါးရရှိခဲ့သည်။ နတ်မောက်မြို့မှ ငြိမ်းချမ်းရေး လက်မှတ်ပေါင်း ၁၀၂၀ ရရှိပြီး မကွေးမြို့မှ ၉၀ဝ ခန့် (၈၉၇) နိုဝင်ဘာလ ၂၆ ရက်အထိ ရရှိသည်ဟု ၎င်းထံမှ သိရသည်။

 

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လှုပ်ရှားမှုမှာ မသန်စွမ်းသူများရဲ့ စွမ်းရည်များ ဖော်ထုတ်ပြသခွင့်တွေကို မြင်ရပါတယ်။ ဒါ့အပြင် မိမိတို့မြို့နယ်တွေကို ငြိမ်းချမ်းရေးအဖွဲ့ရောက်ရှိလာပြီး မသန်စွမ်းသူများက ငြိမ်းချမ်းရေးနှင့်ပတ်သက်တဲ့ ကဗျာတွေ သီချင်းတွေ စသည်တို့ဖြင့်လည်း ပါဝင်ဖျော်ဖြေပေးလို့ အားရဝမ်းသာမိပါတယ်" ဟု မကွေးမြို့မှ ဦးမောင်ကပြောသည်။

 

ယင်းခရီးစဉ်တစ်လျောက် စစ်ကိုင်း၊ မြင်းမူ၊ ဆီမီးခုံ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ စလေ၊ ရေနံချောင်း၊ မကွေး၊ နတ်မောက်၊ မလွန်၊ မိချောင်းရဲ၊ အောင်လံ၊ ကမ္မ၊ ပြည်၊ ထုံးဘို၊ မြန်အောင်၊ ရွှေကျင်၊ ပျဉ်းကတိုးကျွန်း၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ မအူပင်၊ တွံတေးနှင့် ရန်ကုန်မြို့များ၌ ဆိုက်ကပ်ရပ်နားမည်ဖြစ်ပြီး သင်္ဘောဆိပ်ကပ်ရာမြို့များ၌ ညစဉ် အမြင်အာရုံ မသန်စွမ်းသူများအဖွဲ့မှ ငြိမ်းချမ်းရေးတေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း ရရှိလာသည့် လက်မှတ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ၍ ၂၁ ရာစု ပင်လုံညီလာခံ၌ ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

 

ဇွဲထက်ရှင်