ငြိမ်းချမ်းရေးခရီးစဉ်ရေယာဉ် အောင်လံမြို့သို့ရောက်ရှိပြီး ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပ

အောင်လံ ၂၉  နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ဆိပ်ကမ်းသို့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယမှ “ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား” အစီအစဉ်ဖြင့်  ငြိမ်းချမ်းရေးခရီးစဉ်ရေယာဉ်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ကိုးနာရီခွဲတွင် ရောက်ရှိလာခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် လုပ်သားပြည်သူများတို့က ဆိပ်ကမ်းမှ သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး ငြိမ်းချမ်းရေးသင်္ဘောပေါ်သို့ တက်ရောက်၍ ပြသထားသော ငြိမ်းချမ်းရေးဆိုင်ရာ နံရံကပ်ပိုစတာများနှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာကြသည်။

 

ထို့နောက် မြို့နယ်မှတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များသည်     အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် “တို့လိုချင်တဲ့ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟ ပြောကြားပေး” စာတန်းပါ မြေစိုက်ပိုစတာဖွင့်လှစ်ပွဲကို    ဆက်လက်ကျင်းပရာ သမိုင်းခဝဲခြံမျက်မမြင်များ မိတ်သဟာယ အထွေထွေအတွင်းရေးမှူး ဦးသိန်းလွင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်တို့က ငြိမ်းချမ်းရေး မေတ္တာစကားများ ပြောကြားကြပြီး မြေစိုက်ပိုစတာကို ဖွင့်လှစ်ခဲ့ကြသည်။ 

   
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် အ.ထ.က(၁)ရွှေရတုခန်းမ၌ ခရီးစဉ်မှ တာဝန်ရှိသူများ ဦးဆောင်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများဖြင့် ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ကာ ညနေ ၇ နာရီတွင် စတင်ပြုလုပ်လဲ့သည်။

 

ထို့နောက် ငြိမ်းချမ်းရေးအဖွဲ့မှ ငြိမ်းချမ်းရေးတေးဂီတ အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ယနေ့ နံနက် ၇ နာရီတွင် မြို့နယ်ထွေ/အုပ်ခန်းမ၌ နှုတ်ဆက်ပွဲပြုလုပ်၌ အမှတ်တရလက်ဆောင်များ ပေးအပ်ရာ ငြိမ်းချမ်းရေးအဖွဲ့မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကြပြီး သရက်မြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)