ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်ပွားသင်္ဘော ညောင်တုန်းမြို့သို့ ရောက်ရှိလာရာ ဒေသခံပြည်သူများ လှိုက်လှဲစွာကြိုဆိုကြပြီး ငြိမ်းချမ်းရေးအကြောင်းအရာ လုပ်ငန်းများဆွေးနွေး

ညောင်တုန်း  ၈ ဒီဇင်ဘာ
 
 
ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်ပွား သင်္ဘောကြီးသည် ဧရာဝတီမြစ်ကြောင်း တစ်လျောက် မြို့ပေါင်း ၂၇ မြို့သို့ ဖြတ်သန်းထွက်ခွာလာပြီး ဓနုဖြူမြို့နယ်မှတစ်ဆင့် ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီ မိနစ် ၄၀ က ညောင်တုန်းမြို့သို့ ဆိုက်ကပ်ရောက်ရှိလာရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၀ဝ) ဦးတို့က ဂုဏ်ပြုပန်းစည်းများဖြင့် လည်းကောင်း၊ ကရင်ဒုံယိမ်းအဖွဲ့များ၊ ဒိုးပတ်အကအခုန် အတီးအမှုတ်များဖြင့် သောင်းသောင်းဖျဖျ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
 
 
အဆိုပါအဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ပညာခန်းမအတွင်း  ငြိမ်းချမ်းရေးစကားဟောပြောပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ငြိမ်းချမ်းရေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားအား စတင်ဖွင့်လှစ်သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းမှ ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ လှည့်လည်သွားလာ လုပ်ဆောင်နေမှုများအား ကြိုဆိုထောက်ခံပါကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ပြီးမှသာ ပြည်သူများ လိုလားတောင်းတနေသည့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည်များအား ဟောပြောဆွနွေးသည်။ 
 
 
ထို့နောက် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာရအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်မှ ငြိမ်းချမ်းရေး တွဲလက်များတွင် ပါဝင်သည့်သူများသည် ငြိမ်းချမ်းရေးရရှိရန် အားလုံးပါဝင်ပူးပေါင်းဖို့လိုကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် စကားဝိုင်းများ၊ ဆွေးနွးပွဲများ ပြုလုပ်၍ အသိအမြင်များ ဖလှယ်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အသားအရောင်၊ လူမျိုးဘာသာမရွေး မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ အတူဆောင်ရွက်မှသာလျှင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခွင့်လွှတ်သည်းခံခြင်း၊ စိတ်အခံကောင်းများ မွေးမြူခြင်းဖြင့် ငြိမ်းချမ်းသောဝန်းကျင်ကို တည်ဆောက်ပါဝင်နိုင်ကြောင်း၊  ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁) ရာစု ပင်လုံအစည်းအဝေးများ၏ သတင်းစကားကို စိတ်ပါဝင်စားစွာ နားထောင်လေ့လာခြင်းအားဖြင့်လည်း ငြိမ်းချမ်းရေးတွင် ပါဝင်နိုင်ကြောင်း စသည်ဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။ 
 
 
ဆက်လက်၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များပါဝင်ဆောင်ရွက်ခွင့်၊ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းအရာများ မေးမြန်းခြင်းနှင့် ပဟေဠိမေးခွန်းများအား ပါဝင်ဆွေးနွေး ဖြေကြားခြင်း အကြောင်းအရာများအား မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာရအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်မှ ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြားသည်။ မြန်မာနိုင်ငံမျက်မမြင်များ မိတ်သဟာရအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလွင် ဦးဆောင်သော ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်ပွား သင်္ဘောကြီးမှ ဂီတပညာရှင်၊ အနုပညာရှင်များက မြို့တော်ခန်းမတွင် ငြိမ်းချမ်းရေးတေးဂီတ၊ တေးသံသာသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
ထွန်းကျော်(ညောင်တုန်း)