ငပလီကမ်းခြေတွင်ကျင်းပမည့် ရခိုင်ပြည်နယ်၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုပြပွဲ နှင့် ပတ်သက်၍  ရှင်းလင်း

သံတွဲ ၂၂ ဇန်နဝါရီ


ရခိုင်ပြည်နယ်၊ သံတွဲမြို့ ငပလီကမ်းခြေရှိ Jasmine Palace Resort Hotel တွင် ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ ကျင်းပမည့် ရခိုင်ပြည်နယ်၏ ပထမဆုံး ရင်းနှီး မြှုပ်နှံမှုပြပွဲ (Rakhine State Investment Fair 2019)  နှင့်ပတ်သက်၍ မီဒီယာ တွေ့ဆုံပွဲကို  ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Jasmine Palace Hotel ၌ ပြုလုပ်သည်။


တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ Myanmar Survey Research-MSR ဥက္ကဋ္ဌ ဦးကျော်လှိုင်နှင့် Mango Media Group ၏ CEO ဒေါ်အေးနှင်းဆွေတို့က ရခိုင်ပြည်နယ်၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုပြပွဲနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း ရှင်းလင်းပြောကြားသည်။

123

 

လက်ရှိ အစိုးရ သက်တမ်းအတွင်း ရခိုင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ စုစုပေါင်း ၁၇ ခုရှိကာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၁၂ ခု၊ ဆောက်လုပ်ရေး ၁ ခု၊ မွေးမြူရေးလုပ်ငန်း ၃ ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ၁ ခု ရှိကြောင်း သိရသည်။ 

123


ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀ဝ၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၉၀ဝ၀ ကျော်ရင်းနှီးမြှုပ်နှံထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အဓိက ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

123


ရခိုင်ပြည်နယ်၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုပြပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် နှင့်ပတ်သက်၍ MSR  ဥက္ကဋ္ဌ ဦးကျော်လှိုင်က “ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေမယ့် ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာရင် ရခိုင်ပြည်သူ၊ ပြည်သားတွေ အလုပ်အကိုင် အခွင့်အလမ်း တိုးလာမယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်မှာ ကုမ္ပဏီတွေအတွက် လိုအပ်တဲ့ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်နဲ့ ပတ်သက်တဲ့ အဆက်အသွယ် စတာတွေကို ရင်းနှီးမြှုပ်နှံမှုတွေက တဆင့်ရလာမယ်။ ပြည်သူတွေက အလုပ်အကိုင်တွေ ရမယ်။ ပြည်သူတွေထဲမှာရှိတဲ့ ကုမ္ပဏီတွေက အင်အားတွေတိုးပွားလာမယ်ဆိုရင် အခုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုပြပွဲက အဓိက ရလာမယ့် မျှော်မှန်းချက်ဖြစ်ပါတယ်” ဟုပြောသည်။

123


ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ဇုန် သုံး တတိယ အဆင့်တွင် ပါဝင်၍ တရားဝင် မှတ်ပုံတင်ကာ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် အခွန် သက်သာခွင့် ၇ နှစ် ပေးထားသည်။  ရခိုင်ပြည်နယ် အစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကုမ္ပဏီများအနေဖြင့် အများဆုံး အခက်အခဲရှိသည့် မြေယာနှင့် ပတ်သက်ပြီးလည်း ယခုပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် MoU ထိုးမည့် ကုမ္ပဏီများအား မြေယာကိစ္စကို တရားဝင် သတ်မှတ်ထားသော တစ်လခွဲအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် ကူညီမည်ဖြစ်ကြောင်း ရှင်းလင်းပွဲမှ သိရသည်။


ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ သုံးရက်တာ ကျင်းပမည့် Rakhine State Investment Fair 2019 ပုံစံနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီး ဦးကျော်အေးသိန်းက “ပထမနေ့မှာ ကြိုဆိုမိတ်ဆုံစားပွဲ လုပ်ဖို့ရှိတယ်။ ရခိုင်ရိုးရာ ယဉ်ကျေးမှု အကတွေ လုပ်ပါမယ်။ အလုပ်အကိုင် အခွင့်အလမ်း အတွက် တွေ့ဆုံနိုင်အောင် လမ်းဖွင့်ပေးတဲ့ သဘောပါ။  ဒုတိယနေ့မှာတော့ ဖွင့်ပွဲ လုပ်မယ်။ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေက ပြသထားမှုတွေ၊ ရခိုင်ပြည်နယ်ရဲ့ ရင်းနှီး မြှုပ်နှံနိုင်မှု အခြေအနေ တွေကို ရှင်းလင်းတင်ပြတာပါမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရနဲ့ Myanmar Survey Research တို့ လုပ်ထားတဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နိုင်မှု အခွင့်အလမ်း သုတေသန ဆိုတာကို ရှင်းလင်းတင်ပြပါမယ်။


“နောက်ဆွေးနွေးပွဲ အစီအစဉ် သုံးခု လုပ်ပါမယ်။ အစိုးရပိုင်းကဏ္ဍနဲ့ ဆိုင်တဲ့ သူတွေလုပ်တဲ့ဆွေးနွေးပွဲ၊ ဂျပန်လုပ်ငန်းရှင်တွေကြီးပဲ လုပ်မယ့် ဆွေးနွေးပွဲ၊ နောက် ရခိုင်ပြည်နယ်အတွင်းမှာ လုပ်ဖို့ လျာထားတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ အခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကကဏ္ဍ က ဆွေးနွေးတဲ့ ဆွေးနွေးပွဲ လုပ်ပါမယ်။ အဓိက အရေးကြီးဆုံးက ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေနဲ့ MoU ထိုးဖို့ပါ။ ကုမ္ပဏီ သုံးခုလောက်နဲ့ ပဏာမ သဘောတူညီချက် ရထားပြီး ဖြစ်ပါတယ်။ ဆွေးနွေးရင်းနဲ့ သဘောတူခဲ့လို့ရှိရင် အခြားရင်းနှီး မြှုပ်နှံလိုသူတွေနဲ့လည်း MoU ထိုးနိုင်အောင် စီစဉ်ထားပါတယ်။ တတိယနေ့မှာတော့ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းရှိတဲ့ နေရာတွေကို လိုက်လံပြသပါမယ်” ဟုပြောကြားသည်။


သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..ဖိုးထောင်