နိုင်ဂျီးရီးယားမြောက်ပိုင်းတွင် သေနတ်သမား လက်ချက်ဖြင့် ၁၇ ဦးသေဆုံး

နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း ဇမ်ဖာရာ ပြည်နယ်တွင် သေနတ်သမား တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇ ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့က ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါပြည်နယ်ရှိ အခြားနေရာဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားရာ လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီးနောက် ပြီးခဲ့သည့် စနေနေ့နှောင်းပိုင်းက မာရာဒမ် ဒေသရှိ ဖာရူခရိုင် မာဂါမီ ကျေးရွာတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထပ်မံတိုက်ခိုက်မှုများကို ကာကွယ်ရန် အဆိုပါဒေသ တွင်  ရဲတပ်ဖွဲ့များ အင်အားတိုးပြီး တပ်ဖြန့်ချထားခဲ့ကြောင်း ဇမ်ဖာရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မူဟာမက် ရှီဟူ က ဆိုသည်။

 

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းရှိ ဇမ်ဖာရာ ပြည်နယ်နှင့် ကာဒူနာ ပြည်နယ်တို့တွင် ပြီးခဲ့သည့် ၆ လက ဆက်တိုက်ပစ်ခတ်မှု များများစားစား ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ယင်းပြည်နယ် နှစ်ခုရှိ တိုက်ခိုက်မှုများကို ကြိုတင်ဟန့်တားရန်အတွက် နိုင်ဂျီးရီးယား အစိုးရက နှစ်အစောပိုင်းတွင် တပ်သားများကို ဖြန့်ချထားခဲ့သည်။

 

ဇမ်ဖာရာ ပြည်နယ်တွင် သေနတ်သမား၏ တိုက်ခိုက်မှုကြောင့် ယခုနှစ်မှာပင် လူပေါင်းရာချီ သေဆုံးခဲ့ကြောင်း သတင်းဖော်ပြထားသည်။

 

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို