နိုင်ငံတကာဘောလုံးလောကသတင်းတိုများ

၁၅   ဇန်နဝါရီ

 

-    လီယွန်နယ် မက်ဆီသည် ယမန်နေ့က စပိန်လာလီဂါ ပွဲစဉ် ၁၉ အဖြစ် ဘာစီလိုနာက အီဘာအသင်းအား သုံးဂိုးပြတ် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ၎င်း၏ လာလီဂါဂိုး ၄၀ဝ ပြည့်မြောက်ခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 

-    ပြီးခဲ့သည့်အပတ်က ချယ်လ်ဆီးအသင်းမှ မိုနာကိုအသင်းသို့ သုံးနှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားသော ဖာဘရီဂတ်စ်သည် ယမန်နေ့က လီဂူးဝမ်း၌ မာဆေးလ်နှင့် မိုနာကိုအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သောပွဲစဉ်တွင် ၎င်း၏ ပွဲဦးထွက်ပွဲကို ပါဝင်ကစားခဲ့ကြောင်း သိရသည်။ ဟင်နရီ ကိုင်တွယ်လျက်ရှိသော မိုနာကိုအသင်းသည် လီဂူးဝမ်း၌ ၁၉ ပွဲ ကစားပြီးချိန်တွင် သုံးပွဲသာနိုင်ပြီး ငါးပွဲသရေ၊ ၁၁ ပွဲအထိ ရှုံးနိမ့်ထားကာ အမှတ်ပေး ဇယားတွင်လည်း ရမှတ် ၁၄ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည်အထိ ရလဒ်များ ဆိုးရွားနေကြောင်း သိရသည်။

 

-    ဘုန်းမောက်အသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ဝီလ်ဆင်အား ချယ်လ်ဆီးအသင်းသို့ ပေါင် ၇၅ သန်းဖြင့် ရောင်းချလိုနေကြောင်း ဒေးလီးစတား၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် ချယ်လ်ဆီးအသင်းသည် အသက် ၂၃ နှစ်အရွယ် နယ်သာလန် ခံစစ်ကစားသမား နသန်အေကီအား ဘုန်းမောက်အသင်းသို့ရောင်းချပြီး နှစ်နှစ်အကြာတွင် အသင်းသို့ ပြန်လည် ခေါ်ယူချင်နေကြောင်းလည်း သည်ဆန်းတွင် ဖော်ပြထားသည်။

 

-    အဲဗာတန်အသင်းသည် လိုင်ယွန်ကွင်းလယ်ကစားသမား အင်န်ဒွန်ဘီလီ (၂၂ နှစ်) အား ခေါ်ယူရန် စိတ်ဝင်စားနေပြီး အဆိုပါ ပြင်သစ်ကစားသမားအတွက် ပေါင် ၇၅ သန်း ပေးချေရဖွယ်ဖြစ်ကြောင်း ဒေးလီးစတား၏ ဖော်ပြချက်အရ သိရသည်။

 

-    လက်ရှိတွင် တူရကီကလပ် ဘတ်ဆီးတပ်စ်အသင်းတွင် ကစားလျက်ရှိသော အသက် ၃၂ နှစ်အရွယ် လီဗာပူး တောင်ပံကစားသမားဟောင်း ရိုင်ယန်ဘာဘယ်သည် ဖူလ်ဟမ်အသင်းသို့ အငှားပြောင်းရွှေ့ကစားရန် နီးစပ်နေပြီ ဖြစ်ကြောင်း နယ်သာလန် သတင်းအရင်းအမြစ်တစ်ခုတွင် ဖော်ပြထားသည်။

 

-    လီဗာပူးအသင်းသည် ဆဲလ်တစ်နှင့် စကော့တလန်တောင်ပံကစားသမား ဂျိမ်းစ်ဖောရက်စ် (၂၇ နှစ်) အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သည်စကော့တစ်ဆန်းတွင် ဖော်ပြထားသည်။

 

-    ဘုန်းမောက်အသင်းသည် မန်ယူနှင့် တော့တင်ဟမ်အသင်းတို့၏ စိတ်ဝင်စားခြင်းကို ဟန့်တားနိုင်ရန်အလို့ငှာ ဝေးလ်ကွင်းလယ်ကစားသမား ဒေးဗစ်ဘရုခ်စ် (၂၁ နှစ်)အား စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သည်ဆန်း၏ ဖော်ပြချက်အရ သိရသည်။

 

-    ဝက်ဖို့ဒ်အသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ဒူကော်ရီ (၂၆ နှစ်) သည် အသင်းမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း ပြင်သစ်ရုပ်သံထုတ်လွှင့်မှု ဌာနတစ်ခုအား ပြောကြားလိုက်ကြောင်း ဗြိတိန်မီဒီယာများတွင် ဖော်ပြထားသည်။

 

အောင်ဇော်