နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဒီးမော့ဆို ၂၈ သြဂုတ် 
 
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်အားကောင်းသည့် အလေ့အထရရှိစေရန်၊ ပြည်သူများ အသိပညာဗဟုသုတတိုးပွားပြီး ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းမှု အားကောင်းလာစေရန်နှင့် စာပေ၏ တန်ဖိုးကို သိရှိနားလည်ပြီး လူတိုင်းစာဖတ်သည့် အလေ့အထရရှိလာစေရန် ရည်ရွယ်၍ နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို သြဂုတ် ၂၈ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
 

 


ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးငါးရယ် က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မူလတန်းထက်ဆင့် တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား ၊ကျောင်းသူ  ၃၃ ဦး က မိမိကြိုက်နှစ်သက်ရာ ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
 
ဆက်လက်၍ မွန်းလွှဲ ၁ နာရီအချိန်တွင် မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကျင်းပရာ မူလတန်းထက်ဆင့် တတိယ တန်းနှင့် စတုတ္ထတန်း ကျောင်းသားကျောင်းသူ ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ဆုများပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
ရီရယ်(ဒီးမော့ဆို)