နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)တိုင်းရင်းသားစာပေများ အရည်အချင်းစစ်စာမေးပွဲ ကျင်းပ

နမ့်ခမ်း ၁၈ ဇန်နဝါရီ            
    

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ မြို့နယ်တအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ စီစဉ်ကျင်းပသည့် တအာင်း(ပလောင်) တိုင်းရင်းသားစာပေများ အရည်အချင်းစစ်မေးပွဲကို ယနေ့နံနက်ပိုင်း ၁၁ နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

9


တအာင်း(ပလောင်)တိုင်းရင်းသားစာပေများ အရည်အချင်းစစ်မေးပွဲကို နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ များရှိ တအာင်း(ပလောင်) တိုင်းရင်းသားမှ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများ လာရောက်ဖြေဆိုကြပြီး တအာင်း(ပလောင်)နှင့် ပတ်သက်သည့် ဘာသာစကား၊ တိုင်းရင်းသား ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်း အကြောင်းအရာများ၊ ယဉ်ကျေးမှု အမွေအနှစ် အကြောင်းအရာများနှင့် အစားအသောက်ဆိုင်ရာ အကြောင်းအရာများအပါအဝင် ဖြေဆိုကြသည်။ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုချိန်(၁)နာရီအချိန် သတ်မှတ်ပေးထားပြီး လာရောက်ဖြေဆိုကြသည့် တအာင်း(ပလောင်) တိုင်းရင်းသားမှ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၉၅ ဦးရှိကြောင်း သိရသည်။

8


အရည်အချင်းစစ် စာမေးပွဲသို့ နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ကျော် ဦးဆောင်သည့် တအာင်း(ပလောင်) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများ၊ နမ့်ခမ်းမြို့နယ် တအာင်း (ပလောင်)လူငယ်အဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကြီးကြပ် စစ်ဆေးကြကြောင်း မြို့နယ်(ပြန်/ဆက်) မှ သတင်းရရှိသည်။


MDN