ညောင်ဦးတွင် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း ဖွင့်လှစ်သင်ကြားပေး

ညောင်ဦး  ၈   ဇူလိုင်

စက်မှုဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၆) စက်မှုသင်တန်းကျောင်းနှင့် ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးရွာများမှ အလုပ်လက်မဲ့ လူငယ်မောင်မယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန်နှင့်  လျှပ်စစ်ပညာရပ်နှင့် ပတ်သက်သည့် အခြေခံပြုပြင်ထိန်းသိမ်းနည်းပညာများကို သိရှိတတ်မြောက်လာစေရန်တို့ကို ရည်ရွယ်၍ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အနော်ရထာခန်းမတွင် ဇွန် ၂၈ ရက်နေ့မှ စတင်ကာ ယခုလ ၁၁ ရက်နေ့အထိ စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ်(၇၀) သင်တန်း ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ ညောင်ဦးမြို့နယ်မှာ ကျေးလက်ဒေသတွေက အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်မောင်မယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် လျှပ်စစ်နည်းပညာရပ်နှင့် ပတ်သက်ပြီး အခြေခံပြုပြင်ထိန်းသိမ်းနည်း ပညာများကို သိရှိတတ်မြောက်လာစေရန်အတွက် ရည်ရွယ်ပြီး စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ် (၇၀) သင်တန်းကို ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းကာလကတော့ ဇွန် ၂၈ ရက်နေ့ကနေ ဇူလိုင် ၁၁ ရက် နေ့အထိ သင်တန်းကာလ(၂)ပတ်ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းကိုတော့ ကျွန်တော်တို့ မန္တလေး တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်းရုံး လက်အောက်ရှိ ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာရုံးနဲ့ မြင်းခြံမြို့၊ အမှတ်(၆) စက်မှုသင်တန်းကျောင်းတို့ ပူးပေါင်းပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ သင်တန်းသားတွေကတော့ မြို့နယ်အတွင်းရှိ လျှပ်စစ်မီးရရှိတဲ့ ကျေးရွာတွေက လူငယ်မောင်မယ် သင်တန်းသားဦးရေ(၃၆)ဦးခန့် လာရောက်သင်ကြား လျက်ရှိပါတယ်။ သင်ကြားပေးတဲ့ နည်းပညာတွေကတော့ လျှပ်စစ်နည်းပညာနဲ့ ပတ်သက်ပြီး အခြေခံလျှပ်စစ်ပြုပြင်  ထိန်းသိမ်းနည်းပညာတွေကို မြင်းခြံမြို့ ၊ အမှတ်(၆) စက်မှုသင်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဟန်ညိမ်းဆွေ ဦးဆောင်သော စက်မှုသင်တန်းနည်းပြဆရာများနဲ့ ကျွန်တော်တို့ ခရိုင်လျှပ်စစ်မန်နေဂျာရုံးက ကျွမ်းကျင်ဝန်ထမ်းတွေကနေ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။ ဒီသင်တန်း ပြီးသွားရင်လည်း ဒုတိယအကြိမ်အနေနဲ့ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ပညာသင်ယူလိုတဲ့ သင်တန်းသားများအနေနဲ့ ယခုဖွင့်လှစ်သည့် သင်တန်းအပြင် မြင်းခြံမြို့ ၊ အမှတ်(၆)စက်မှု သင်တန်းကျောင်းမှာ ဖွင့်လှစ်သင်ကြား ပေးနေသည့် (၁)နှစ်သင်တန်းကိုလည်း လျှောက်ထားပြီး တက်ရောက်နိုင်ပါတယ်။ လျှောက်ထားလိုသူအနေနဲ့က အသက်(၁၇)နှစ်မှ (၂၅)နှစ်ရှိပြီး ပညာအရည်အချင်း အနည်းဆုံး (၁၀)တန်းရှိသူများ လျှောက်ထား တက်ရောက်နိုင်ပါတယ်။ အဆိုပါ စက်မှုသင်တန်းကျောင်း (၁)နှစ် သင်တန်း ပြီးစီးဆုံးသွားပါက သင်တန်းကျောင်းမှ အလုပ်အကိုင် ရရှိသည်အထိ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးမြို့ နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ (အင်/ယာ) ဦးဝင်းထိန်၏ ပြောပြချက်အရ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)