ညီညွတ်ပေါင်းစည်းရေးသည်သာ သစ္စာ

၂၁ ဇန်နဝါရီ

 

ယခုတလော ပြည်သူလူထုအကြား ရေပန်းစားနေသည့် ပြောစရာ အကြောင်းအရာတစ်ခုမှာ အနာဂတ်မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခများ ဘယ်ပုံဘယ်နည်း ရပ်စဲနိုင်ပါမလဲဆိုသည်နှင့် ဘယ်တော့များမှ တကယ့် ငြိမ်းချမ်းရေးရကြမှာလဲဟူသော ခေါင်းစဉ်ဖြစ်၏။

 

ပုံမှန် မူမှန် လူသားတစ်ဦးဆိုလျှင် ငြိမ်းချမ်းရေးကို မည်သူမဆို လိုချင်သည်။ ပုံမှန် မူမှန် လူသားတစ်ဦးက ငြိမ်းချမ်းရေးကို ငြင်းပယ်လိုမည် မဟုတ်။ ထို့အတူပဲ စစ်ကို မည်သို့သော ပုံမှန် မူမှန်သူကမှ မလိုလား။ လက်တွေ့ စစ်တိုက်နေရသည့် သူများသည်ပင် စစ်ကိုလိုလားမည်မဟုတ်။

 

စစ်ကြောင့် အကျိုးအမြတ်တစ်စုံတစ်ရာရှိသူများကသာ စစ်ကို လိုလားသူ အများစု ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ယေဘုယျအားဖြင့်ဆိုလျှင် စစ်ကို မည်သူမျှမလိုလား။ ငြိမ်းချမ်းရေးကို လူတိုင်းလိုလားသည်။

 

ဤသို့သော ငြိမ်းချမ်းရေး သဘောထားများ မည်သို့ပင်ရှိသည်ဟု ဆိုကြစေ။ လက်တွေ့အားဖြင့်မူ မြန်မာနိုင်ငံအတွင်းရှိ စစ်ပွဲများကို မရပ်တန့်နိုင်သေး။ ငြိမ်းချမ်းရေးစကားကိုပင် တွင်တွင်ကျယ်ကျယ် ပြော၍မရ ကြသေး။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဟူသော ငြိမ်းချမ်းရေး တောင်းဆိုသံများသည်ပင် ကျယ်လောင် အားရှိစွာ ပေါ်ထွက်မလာနိုင်သေး။

 

သို့သော်လည်း လောက၏ သဘာဝအရ အသံကျယ်လောင်မှု တစ်ခုတည်းက ခေါင်းဆောင်မှုပေးသည်မဟုတ်။ အမှန်တရားကသာ နောက်ဆုံးတစ်နေ့တွင် အနိုင်ရလိမ့်မည်ဟု ပြည်သူလူထုက ယုံကြည်နေကြသည်ပဲ ဖြစ်ပါသည်။


လောကီအမှန်တရားဆိုသည်က လောကကို ဖြိုဖျက်သည့် အယူအဆပေါ်တွင် အခြေခံသည်မဟုတ်။ လောကီအမှန်တရားဆိုသည်က လောကကို ဆိုးကျိုးပေးမည့် အယူအဆပေါ်တွင် အခြေခံခြင်း မဖြစ်နိုင်။ လောကကို တည်ဆောက်သည့်၊ လောကလူသားများကို ကောင်းကျိုးပြုသည့် အယူအဆအတွေးအမြင်များပေါ်မှာသာ အခြေခံမည်ဟု ယုံကြည်ပါသည်။

 

လောကလူ့ရွာတွင် လူသားတို့ ငြိမ်းအေးချမ်းသာစွာ ရေရှည်တည်တံ့ နေထိုင်သွားကြနိုင်ရေးသည် လောကကောင်းကျိုးပြုခြင်း၏ အခြေခံ ရည်မှန်းချက်ပါပေ။ ကမ္ဘာမြေပေါ်မှာ အသားအရောင်မျိုးစုံ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွဲပြားမှုအမျိုးမျိုးတို့ဖြင့် နေထိုင်ရှင်သန်နေကြသည့် လူမျိုးစုံရှိ၏။ ထိုလူမျိုးစုံတို့ ငြိမ်းအေးချမ်းသာစွာ ရေရှည်တည်တံ့နေထိုင်သွားကြ နိုင်ရေးဟူသည် တစ်ဦးကိုတစ်ဦး နားလည်စာနာမှု၊ အပြန်အလှန်လေးစားမှု တို့ဖြင့် အတူတကွ အေးအေးချမ်းချမ်း နေလိုစိတ်မရှိဘဲ မဖြစ်နိုင်ပါ။

 

လောကကောင်းကျိုးကို လိုလားသူမှန်သမျှသည် အထက်ပါ အခြေခံမတူညီကြသည့် လူလူချင်းအကြား စာနာထောက်ထားမှု အပြန်အလှန် လေးစားမှုတို့ဖြင့် ချစ်ကြည်ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ချင်ကြ မည်သာဖြစ်ပါ၏။ ပေါင်းစည်းရေး ညီညွတ်ရေး သဘောထားသည် ငြိမ်းချမ်းရေး၏ အခြေခံသာပါပဲ။ မတူညီကြသည်များကြားမှာ မည်ကဲ့သို့ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်သွားကြမည်လဲဟူသည်ကို ကြံဆခြင်းသာ ပါပဲ။

 

မြန်မာနိုင်ငံသား ပြည်ထောင်စုသားများက ငြိမ်းချမ်းစွာ အတူပူးပေါင်းနေကြ၊ ညီမျှသည့် ဥပဒေစိုးမိုးမှုအောက်တွင် တန်းတူအခွင့် အရေးများရကြ၊ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံကြ အစရှိသည့် တန်းတူညီမျှမှု၊ မေတ္တာတို့ဖြင့် နွေးထွေးသော အာဝါသကိုသာ မက်မော တည်ဆောက်လိုကြသည်ဟု ယုံကြည်ထားကြောင်း အစီရင်ခံ အပ်ပါသည်။ ။

 

မြန်မာ့အလင်း