နယ်စပ်ဒေသ တိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များ နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစတင်

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ချမှတ်ထားသောမူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များနှင့်အညီ နယ်စပ်ဒေသများမှ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များကို နှစ်စဉ်ဖိတ်ကြားခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ (၁၅) ရက်မှ (၁၈)ရက်အထိ နေပြည်တော်နှင့် ပတ်ဝန်းကျင်သို့ လေ့လာရေးခရီးစဉ် ရောက်ရှိလာကြသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်းဒေသများမှ ကိုးကန့်တိုင်းရင်းသား တိုင်းရင်းသူ (၃၀)ဦး၊ ကယားပြည်နယ်၊ ဟိုယာ၊ ဘီယာဒေသမှ ကယောတိုင်းရင်းသား တိုင်းရင်းသူ (၃၀)ဦး၊ ကရင်ပြည်နယ်၊ သံတောင်ကြီး၊ ဖာပွန်ဒေသမှ ကရင်တိုင်းရင်းသား တိုင်းရင်းသူ (၃၀)ဦး၊ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံ၊ ကျွန်း သာယာဒေသမှ ရခိုင်တိုင်းရင်းသား တိုင်းရင်းသူ (၃၀)ဦး၊ ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းဒေသမှ ချင်းတိုင်းရင်းသား တိုင်းရင်းသူ (၃၀)ဦး စုစုပေါင်း (၁၅၀)ဦးတို့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟမဟာဗောဓိ စေတီတော်(ဗုဒ္ဓဂါယာ)သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသပြီး တိုင်းရင်းသား လေ့လာရေးအဖွဲ့များမှ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

 

254

 

ထိုမှတစ်ဆင့် တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းသို့ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပေါ်ထွန်းလာပုံအား Video Projector ဖြင့် ရှင်းလင်းပြသခဲ့သည်။ ထို့နောက် တိုင်းရင်းသားလေ့လာရေး အဖွဲ့ခေါင်းဆောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက အဆင့်မြင့်နည်းပညာဖြင့် မြေလွှာမဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖြစ်ထွန်းနေမှုများ၊ စိုက်ပျိုးရေးသုတေသန မျိုးစေ့များအကြောင်း လိုက်လံရှင်းလင်းပြသခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။

 

2573

 

ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ရေဆင်းဆည်၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်များသို့ သွားရောက်လေ့လာခဲ့ကြသည်။

 

အဆိုပါ နယ်စပ်ဒေသ တိုင်းရင်းသားအဖွဲ့ဝင်များသည် ဇန်နဝါရီ (၁၄) ရက် နံနက်ပိုင်း၌ နေပြည်တော်သို့ ရောက်ရှိခဲ့ကြရာ ရွာတော်တည်ခိုရေးနှင့် စစ်ကြောရေးစခန်းတွင် စနစ်တကျနေရာချထားပေးပြီး ယင်းနေ့ ညနေပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အိပ်ဆောင်များ၊ ထမင်းစားဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား တိုင်းရင်းသူများအား ဖိတ်ခေါ်၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးရသည့် အဓိကရည်ရွယ်ချက်မှာ တစ်အူထုံ့ဆင်းညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့ကြုံကောင်းများကို မိမိတို့နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြည်လည်အသုံးချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်)