ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့၏ သစ်တောစိုက်ခင်းများအား ပြည်ထောင်စုဝန်ကြီး ဉီးအုန်း၀င်း စစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၇/၆) အနီး၊ အိုင်တုံကွန်းကြိုးဝိုင်း၊ အကွက်အမှတ်(၇၇)အတွင်းရှိ ရဲနွယ်သစ်တောပျိုး ဥယျာဉ်အတွင်း စိုက်ပျိုးတည်ထောင်ထားသော ဝါးစိုက်ခင်း (၁ ဒသမ ၅)ဧက နှင့် သီးနှံသစ်တောရောနှောစိုက် ပျိုးထားသည့် စမ်းသပ်စိုက်ခင်း(၁)ဧကတို့အားကြည့်ရှု့စစ်ဆေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိစိုက်ပျိုးထားသည့် ဝါးဘိုးဝါးနှင့် မျှင်ဝါး မျိုးစိတ်များအပြင် နောင်နှစ်များတွင် ဝါးမျိုးစိတ်များတိုးချဲ့စိုက်ပျိုးရန်၊ ထိုကဲ့သို့ စိုက်ပျိုးရာတွင် ဓါတ်မြေသြဇာကျွေးသည့် ပမာဏနှင့် အချိန်တို့အပေါ်မူတည်၍ ဝါးပင်ငယ်များ ရှင်သန်ကြီးထွားမှုတို့ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်နှင့် ဒေသခံပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့်  သီးနှံသစ်တောရောနှောစိုက်ခင်းတည်ထောင်ခြင်း စံပြစိုက်ခင်းတစ်ခုဖြစ်စေရေး စနစ်တကျထိန်းသိမ်းပြုစု ပျိုးထောင်ရန်နှင့် ခြောက်သွေ့ရာသီတွင် တောမီးလောင်ခြင်းမှကာကွယ်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်နှင့် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တို့ ဆက်သွယ်ထားသော မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း ပဲခူးရိုးမဖြတ်လမ်း မိုင်တိုင်အမှတ် (၁၆/၄)အနီး၊ မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ် (၅၀)အတွင်းရှိ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းအရ ၂၀၁၇ ခုနှစ် မိုးရာသီတွင်စိုက်ပျိုး တည်ထောင် ထားသော စီးပွားရေး စီးပွားရေးကျွန်း(၁/၂၀၁၇) ဧက(၁၀၀) စိုက်ခင်းအားလည်းကောင်း၊ ၂၀၁၈ခုနှစ် မိုးရာသီတွင်  စိုက်ပျိုးတည်ထောင် ထားသော စီးပွားရေးကျွန်း (၁/၂၀၁၈) ဧက(၁၂၅)စိုက်ခင်းနှင့် စိုက်ခင်းအတွင်း တောင်ယာမီးရှို့ခြင်းမရှိသောနည်းစနစ် (Zero Burning) ဖြင့် စမ်းသပ်စိုက်ပျိုးထားသော ကျွန်းစိုက်ခင်း (၅)ဧက၊ ကျွန်းနှင့်ပျဉ်းကတိုးသစ်မျိုး ရောနှောစိုက်ပျိုးထားသော (၃၀)ဧကတို့အား လည်းကောင်း စစ်ဆေးကြည့်ရှု့ခဲ့ပြီး စိုက်ခင်းတည်ထောင်ရန် မြေနေရာရှင်းလင်းပြုပြင်ခြင်းများကြောင့် အပေါ်ယံမြေဆီလွှာများ ပျက်စီး ပြုန်းတီးမှုမရှိစေရန် တောင်စောင်းများတစ်လျှောက်ရှိ လျှို၊ မြောင်များအတွင်း နုန်းထိန်းတမံငယ်များ မဖြစ်မနေပြုလုပ်ရန်နှင့် သစ်မျိုး တစ်မျိုးတည်း ဧရိယာကျယ်ပြန်စွာ စိုက်ခင်းတည်ထောင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါပိုးကျရောက်မှုမှကာကွယ်ရန်အတွက် နောင်နှစ်များတွင် စိုက်ခင်း အတွင်းနှင့်  စိုက်ခင်းအစပ်နေရာများတွင် ဒေသရာသီဥတုအခြေအနေနှင့်ကိုက်ညီပြီး သစ်ထုတ်လုပ်ရာ တွင် အများဆုံး ပါဝင်ခဲ့သည့် အဖိုးတန်သစ်မျိုးစိတ်များကို ရောနှောစိုက်ပျိုးရန်လမ်းညွှန်မှာကြားခဲ့ပြီး  စိုက်ခင်း တောင်ယာသမားများအတွက် အဝတ်အစားများနှင့် ကျေးရွာစာသင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ခဲတံများပေးဝေခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်းလမ်း မိုင်တိုင်အမှတ် (၈/၆) မုက္ခာဆည်အနီးတွင် တည်ရှိသော မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားစခန်းတစ်ခုဖြစ်သည့် မုက္ခာရေတံခွန်ဆင်စခန်းအား သွားရောက်စစ် ဆေးခဲ့ရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ဆင်စခန်းဆိုင်ရာအချက်အလက်များအား တင်ပြခဲ့သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆင်စခန်းသို့အများပြည်သူများ အလွယ်တကူလာ ရောက် အပန်းဖြေနိုင်ရေး ဝင်/ထွက်လမ်းဖောက်လုပ်မည့်ကိစ္စနှင့် လုံခြုံစိတ်ချစွာလာရောက် အပန်းဖြေနိုင်ရေး၊ ဆင်စားကျက်ရရှိရေးနှင့် ဆင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများအပေါ် လိုအပ်သည် များဆွေးနွေးမှာကြားခဲ့သည်။ အဆိုပါဆင်စခန်းသည် မင်းလှမြို့နယ်၊ မုက္ခာကြိုးပြင်ကာကွယ်တော အတွင်းကျရောက်ပြီး ဆင်စခန်းဧရိယာနှင့် ဆင်စားကျက်ဧရိယာ စုစုပေါင်း (၁၄၀)ဧက ကျယ်ဝန်းပြီး (၄.၁.၂၀၁၈)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ကြေးနီချောင်းကြိုးဝိုင်း အကွက်အမှတ်(၉၄)အတွင်း မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီဒေသ၊ ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁/၂၀၁၈) ဧက(၅၀)အားကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ခင်းအတွင်း ပေါင်းပင်များရှင်းလင်းခြင်း၊ မြေသြဇာ ကျွေးခြင်းတို့အတွက် လိုအပ်သည်များအား မှာကြားခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ်(၃၁)အတွင်း သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး (၁၀)နှစ် စီမံကိန်းအရ ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးစိုက်ခင်း (၂/၂၀၁၈) ဧက(၅၀)စိုက်ခင်းအားလည်းကောင်း၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၃၈/၃၉)အတွင်း ၂၀၁၇ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထား သည့် စီးပွားရေးကျွန်းစိုက်ခင်း(၁/၂၀၁၇)ဧက(၁၅၀)အားလည်းကောင်း၊ ကောလိယကြိုးဝိုင်း၊ အကွက် အမှတ် (၃၈)အတွင်း ဝါးဘိုးဝါးစမ်းသက် စိုက်ခင်းအားလည်းကောင်း၊ ကောလိယကြိုးဝိုင်း၊ အကွက် အမှတ်(၃၈)အတွင်း ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးစိုက်ခင်း (၁/၂၀၁၈) ဧက(၁၀၀) စိုက်ခင်းအားလည်းကောင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ခြောက်သွေ့ရာသီတွင် တောမီး လောင်ခြင်းမှကာကွယ်ရန်၊ သတ်မှတ်အရွယ်ရောက်၍ ခုတ်လှဲထုတ်လုပ်သည့်အချိန်တွင် အောင်လုံ ဖြောင့်တန်းသည့် ပင်စည်များ ရရှိနိုင်ရန်  ငယ်စဉ်အချိန်ကတည်းကပင် မလိုလားအပ်သည့် အပင် အတက်များ၊ ကိုင်းငယ်များ၊ ပင်ခွများအား ဖြတ်တောက်ဖယ်ရှား ပြုစုစောင့်ရှောက်ရန် အထူးလိုအပ် ကြောင်းနှင့် ရောဂါပိုးမွှားကျရောက်ခြင်းမှကာကွယ်ရန် သစ်မျိုးများ ရောနှောစိုက်ပျိုးရန် လမ်းညွှန်မှာ ကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၅) အနီး မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားစခန်းတစ်ခုဖြစ်သည့် မှော်ယောကြီးဆင်စခန်းအနီး  အိုင်တုံကွန်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၃)အတွင်း မြန်မာ့သစ်လုပ်ငန်း ပဲခူးဒေသ၊ ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁/၂၀၁၈)ဧက(၅၀)အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လာမည့် မိုးရာသီတွင် ပေါင်းရှင်းလင်းခြင်းကို စနစ်တကျ ဆောင်ရွက်ရန်နှင့် မြေသြဇာကျွေးခြင်းကို ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မှော်ယောကြီးဆင်စခန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ဆင်စခန်းဆိုင်ရာအချက်အလက်များတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် စခန်းအတွင်းရှိ ဆင်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်