ပွဲကျပ်များဖြင့် စတင်မည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) 

ရန်ကုန် ၉ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ကို ဇန်နဝါရီ ၁၂၊ ၁၃၊ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပွဲကျပ်များ ပါဝင်နေကာ အသင်းကြီးများ၏ နိုင်ပွဲရရေး ကြိုးပမ်းမှု၊ အသင်းငယ်များ၏ အမှတ်ရရေး ရုန်းကန်မှုများကြောင့် ပွဲကောင်းများ ဖြစ်လာဖွယ်ရှိနေသည်။

 

ပွဲစဉ် (၁) အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် YUSC ကွင်း၌ လက်ရှိချန်ပီယံ ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ဇွဲကပင်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် Chinland အသင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ပြီးခဲ့သည့်ရာသီ နောက်ဆုံးပွဲအဖြစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သည့် ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့၏ နောက်တစ်ကြိမ် အားပြိုင်မှုကို ယခုရာသီအစမှာပင် ထပ်မံတွေ့မြင်ရမည်ဖြစ်ပြီး ရန်ကုန်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီတွင် အမှတ်ပေးပွဲ အိမ်ကွင်းပွဲ၌ ဟံသာဝတီအသင်းကို ရှုံးနိမ့်ထားရာ ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

 

တစ်သင်းလုံးနီးပါး အပြောင်းအလဲပြုလုပ်ထားသည့် ဧရာဝတီအသင်းမှာလည်း ပထမပွဲတွင် ရတနာပုံနှင့် အဝေးကွင်း ပွဲကျပ်ကစားရမည်ဖြစ်ရာ ရုန်းကန်ရဖွယ်ရှိနေသည်။

 

၂၀၁၉ ချာရတီဖလားကို ပူပူနွေးနွေးရယူထားသည့် ရှမ်းယူနိုက်တက်အသင်းသည် စစ်ကိုင်းအသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်ရာ အမှတ်ပြည့်ရရန် အားကုန်ထုတ်ကစားရဖွယ် ရှိနေသည်။

 

ပထမအကျော့ပွဲများတွင် အိမ်ကွင်းအနေအထားများကြောင့် ရှမ်းယူနိုက်တက်အသင်းက အဝေးကွင်း၊ ရခိုင်အသင်းက အိမ်ကွင်းပွဲအားလုံး ဆက်တိုက်ကစားရမည် ဖြစ်သည်။

 

ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်း၏ နိုင်ငံတကာ ပြိုင်ပွဲနှစ်ခုကြောင့် နှစ်ကြိမ်တိုင် ခေတ္တရပ်နားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်