ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ ယနေ့ စတင်မည်

၂၁ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့အဖွင့်ပွဲဖြစ်သည့် ပွဲစဉ် (၁၂) ကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ စတင်ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ် (၁၂) အဖြစ် နံနက် ၈ နာရီတွင် AMM အသင်းနှင့် VUC အသင်း၊ နံနက် ၉ နာရီခွဲတွင် Comrade အသင်း နှင့် MIC အသင်း၊ နံနက် ၁၁ နာရီတွင် မြို့မအသင်းနှင့် White Colour အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် GV Athletic အသင်းနှင့် Titan XII အသင်း၊ မွန်းလွဲ ၂ နာရီတွင် ယူ-၁၉ အသင်းနှင့် UPT အသင်း၊ ညနေ ၃ နာရီခွဲ တွင် ရွှေမြဝတီအသင်းနှင့် လက်ရှိချန်ပီယံ PU အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ပထမအကျော့အပြီးတွင် MIC အသင်းက ၃၃ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး VUC အသင်းက ရမှတ် ၃၀ ဖြင့် ဒုတိယ၊ GV Athletic နှင့် မြို့မအသင်းက ၂၁ မှတ်စီ၊ UPT နှင့် AMM အသင်းက ၁၅ မှတ်စီ၊ ရွှေမြဝတီနှင့် Comrade အသင်းက ၁၄ မှတ်စီ၊ PU အသင်းက ၁၀ မှတ်၊ ယူ-၁၉ အသင်းက ကိုးမှတ်၊ Titan XII အသင်းက ရှစ်မှတ်၊ White Colour အသင်းက လေးမှတ်ရထားသည်။ ပထမအကျော့ယှဉ်ပြိုင်ခဲ့သည့် အနေအထားအရ ချန်ပီယံဆုအတွက် MIC အသင်းနှင့် VUC အသင်းတို့သာ အပြိုင်လုရဖွယ်ရှိနေပြီး ကျန်အသင်းများမှာ အမြင့်ဆုံး တတိယနေရာအတွက်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ရဲရင့်ရှိုင်း