ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲ မနက်ဖြန်ကျင်းပမည်

၁၄ ဇန်နဝါရီ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၁၁) ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ် (၁၁) အဖြစ် နံနက် ၈ နာရီတွင် လက်ရှိချန်ပီယံ PU အသင်းနှင့် ထိပ်ဆုံးမှ MIC အသင်း၊ နံနက် ၉ နာရီခွဲတွင် Comrade အသင်းနှင့် VUC အသင်း၊ နံနက် ၁၁ နာရီတွင် AMM အသင်းနှင့် Titan XII အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် GV Athletic အသင်းနှင့် UPT အသင်း၊ မွန်းလွဲ ၂ နာရီတွင် ယူ-၁၉ အသင်းနှင့် White Colour အသင်း၊ ညနေ ၃ နာရီခွဲတွင် မြို့မအသင်းနှင့် ရွှေမြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၀) အပြီးတွင် MIC အသင်းက ရမှတ် ၃၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး VUC အသင်းက ၂၇ မှတ်၊ GV Athletic အသင်းနှင့်  မြို့မအသင်းက ၁၈ မှတ်စီ၊ UPT အသင်းက ၁၅ မှတ်၊ ရွှေမြဝတီအသင်းနှင့် Comrade အသင်းက ၁၄ မှတ်စီ၊ AMM အသင်းက ၁၂ မှတ်၊ PU အသင်းက ၁၀ မှတ်၊ Titan XII အသင်းက ရှစ်မှတ်၊ ယူ-၁၉ အသင်းက ခြောက်မှတ်၊ White Colour အသင်းက လေးမှတ်ရထားသည်။ထိပ်ဆုံးမှ MIC အသင်းသည် ယခုနောက်ဆုံးပွဲတွင် အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ လက်ရှိချန်ပီယံ PU အသင်းသည် အသင်းဖျက်သိမ်းပြီးမှ ပြန်လည်ဖွဲ့စည်းထားသောကြောင့် ပြီးခဲ့သည့် ရာသီခြေစွမ်းကိုမမီဘဲ ချန်ပီယံဆုကာကွယ်ရန် ခက်ခဲဖွယ်ရှိနေသည်။

 

သတင်း-ရဲရင့်ရှိုင်း

 

ဓာတ်ပုံ-စိုးညွန့်