ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIC အသင်း ဆက်လက်ဦးဆောင်

ရန်ကုန်  ၁၂ ဇန်နဝါရီ 

၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း နိုင်ပွဲဆက်ခဲ့သည်။

ထိပ်ဆုံးတွင် ဦးဆောင်နေသည့် MIC အသင်းသည် ၁၀ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် ပွဲစဉ် (၉) တွင် ရှုံးပွဲကြုံတွေ့ခဲ့သည့် VUC အသင်းမှာလည်း နိုင်ပွဲပြန်ရခဲ့သည်။ MIC အသင်းသည် ရွှေမြဝတီအသင်းကို ခြေအသာဖြင့် ကစားကာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ပွဲစဉ် (၁၀) တွင် VUC အသင်းက PU အသင်းကို ၁၀ ဂိုး-ဂိုးမရှိ၊ MIC အသင်းက ရွှေမြဝတီအသင်းကို ၁၁ ဂိုး-ဂိုးမရှိ၊ AMM အသင်းက UPT အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ GV Athletic အသင်းက White Colour အသင်းကို ၁၃ ဂိုး-ဂိုးမရှိ၊ မြို့မအသင်းက ယူ-၁၉ အသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရပြီး Titan XII အသင်းနှင့် Comrade အသင်းတို့ သုံးဂိုးစီသရေကျခဲ့သည်။ 

ပွဲစဉ် (၁၀) အပြီးတွင် MIC အသင်းက ရမှတ် ၃၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး VUC အသင်းက ၂၇ မှတ်၊ GV Athletic အသင်းနှင့်  မြို့မအသင်းက ၁၈ မှတ်စီ၊ UPT အသင်းက ၁၅ မှတ်၊ ရွှေမြဝတီအသင်းနှင့် Comrade အသင်းက ၁၄ မှတ်စီ၊ AMM အသင်းက ၁၂ မှတ်၊ PU အသင်းက ၁၀ မှတ်၊ Titan XII အသင်းက ရှစ်မှတ်၊ ယူ-၁၉ အသင်းက ခြောက်မှတ်၊ White Colour အသင်းက လေးမှတ်ရထားသည်။ ပွဲစဉ် (၁၁) ကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

သတင်း - ရဲရင့်ရှိုင်း
ဓာတ်ပုံ - စိုးညွန့်