ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်ရှိနေဦးမှာလား ကန်နဲ့ အန်ကာရာ

ထွန်းသစ်စ

အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားက ထွက်ခွာသွားချိန်မှာ တကယ်လို့ တူရကီက ကာ့ဒ်တပ်ဖွဲ့များကို တိုက်ခိုက်လာရင် အမေရိကန်က တူရကီကို စီးပွားရေးအကြီးအကျယ် ပျက်စီးအောင်ပြုလုပ်မယ်လို့ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်စကားအပေါ် ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ တူရကီက ပြောလိုက်ပါတယ်။

လက်ရည်တစ်ပြင်တည်း တိုက်ခိုက်ခဲ့ကြ

ကာ့ဒ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ဆန့်ကျင်ပြီး နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးအသစ်များ ဆင်နွှဲမယ်လို့ မကြာခဏဆိုသလို ခြိမ်းခြောက်နေတဲ့ အန်ကာရာရဲ့ ခြိမ်းခြောက်မှုတွေ အဆုံးမှာ အခုလို အမေရိကန်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ကာ့ဒ်တပ်ဖွဲ့ဟာ အိုင်အက်စ် အကြမ်းဖက် အစွန်းရောက်များကို တိုက်ခိုက်ရာမှာ အမေရိကန်နဲ့အတူ တညီတညွတ်တည်း တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အမေရိကန်က ကာ့ဒ်တပ်ဖွဲ့ကို ပံ့ပိုးနေတာပဲ ဖြစ်ပါတယ်။ အဲဒီလိုအမေရိကန်က ကာ့ဒ်တပ်ဖွဲ့တွေ ကို ပံ့ပိုးမှုတွေဟာ နေတိုးမဟာမိတ်တွေနဲ့ တင်းမာမှုတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် သတိကြီးစွာထားနေ

ဒီနေရာမှာ အန်ကာရာဟာ ကာ့ဒ်တပ်ဖွဲ့ရဲ့တည်ရှိမှုကို စိတ်ထဲမထားဘဲ နယ်စပ်ဖြတ်ကျော် စစ်ဆင်မှုတွေ လုပ်မယ်လို့ ပြောလိုက်တာဟာ အမေရိကန်ကို မထီမဲ့မြင်လုပ်လိုက်သလိုပါပဲ။ ဒါတင်မကသေးပါဘူး။ အန်ကာရာဟာ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ဘဲ မကြာခဏပြောခဲ့ပါတယ်။ ထို့အပြင် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လက် ကာဗူဆိုကလူကလည်း တူရကီအပေါ် ခြိမ်းခြောက်ပြောဆိုနေတဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုးမဆို တူရကီက ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့လည်း ပြောကြားလိုက်တာကို တွေ့ရပါတယ်။ အမေရိကန်ကလည်း အကယ်၍ တူရကီက ကာ့ဒ်တပ်ဖွဲ့ကို တိုက်ခိုက်မယ် ဆိုရင် တူရကီရဲ့ စီးပွားရေးကို ပြုတ်ပြုတ်ပြုန်းအောင် လုပ်ပစ်မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အမေရိကန်နဲ့ တူရကီဟာ တစ်ဖက်နဲ့ တစ်ဖက် သတိကြီးစွာ ထားနေတယ်ဆိုတာ သိသာလှပါတယ်

ဝမ်းပန်းတသာကြိုဆို

ထရမ့်ဟာ လွန်ခဲ့တဲ့လက ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၀ဝ၀ ကို ပြန်ရုပ်သိမ်းမယ်လို့ပြောပြီး နောက်မှာတော့ ဆီးရီးယား ဒီမိုကရက် တစ်တပ်ပေါင်းစု လက်အောက်ရှိ ကာဒ့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အမေရိကန်တို့ လေ့ကျင့်ပေးခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမြင်မကြည်တာမျိုး ဖြစ်ခဲ့ပါတယ်။ တူရကီက အိုင်အက်စ် အကြွင်းအကျန်များကို လုံးဝသုတ်သင်ချေမှုန်းပြီးပြီလို့ တူရကီ သမ္မတ ရီဆက်ပ်တေရစ်အာဒိုဂန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းနဲ့ ပြောကြားပြီးနောက် အမေရိကန်တို့ရဲ့ ဆီးရီးယားမှ တပ်ဖွဲ့ဝင် ၂၀ဝ၀ ပြန်လည်ရုပ်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အန်ကာရာက ဝမ်းပန်းတသာ ကြိုဆိုခဲ့ပါတယ်။

ဘေးကင်းဇုန်တည်ထောင်မှုကို ထောက်ခံ

ထို့အတူ အမေရိကန် သမ္မတ ထရမ့်က ကီလိုမီတာ ၃၀ (မိုင် ၂၀) ဘေးကင်းဇုန်တစ်ခု တည်ဆောက်ဖို့ တိုက်တွန်းခဲ့တာလည်းရှိပါတယ်။ ထရမ့်ရဲ့ တိုက်တွန်းမှုနဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်မှာ ဘေးကင်းဇုန်တစ်ခု တည်ဆောက်ဖို့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့သူတွေ ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ ဆီးရီးယား အပြင်ဘက်မှာဖြစ်တဲ့ အကြမ်းဖက်သမားတွေ တူရကီကို မတိုက်ခိုက်နိုင်ဖို့ လိုတယ်လို့ ရီယာ့ဒ်ကို ရောက်ရှိခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောခဲ့ပါတယ်။ ဆီးရီးယားမှာ ဘေးကင်းဇုန်တည် ထောင်မယ်ဆိုတဲ့ အဆိုပြုချက်ကို တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လက် ကာဗူဆိုကလူ က ထောက်ခံတယ်လို့ အစောပိုင်း အန်ကာရာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သဘောထား အနည်းငယ်ကွဲလွဲ

ကာဒ့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ဝိုင်ပီဂျီ)ကို မတရားအဖွဲ့အဖြစ် ကြေညာထားတဲ့ ကာ့ဒ်အလုပ်သမား ပါတီ (ပီကေကေ)ရဲ့ အစွယ်အပွား တစ်ခုအဖြစ် တူရကီက ရှုမြင်ပုံရပါတယ်။ အဲဒီလိုရှုမြင်တာကလည်း အကြောင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ပီကေကေ ဟာ ၁၉၈၄ ခုနှစ်ကတည်းက တူရကီကို ဆန့်ကျင်ကာ အကြမ်းဖက်မှုတွေ ပြုလုပ် ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီလိုအကြမ်းဖက်မှုတွေ လုပ်ခဲ့တဲ့ ပီကေကေနဲ့ ဝိုင်ပီဂျီဟာ ဆက်စပ်မှုရှိနိုင်တယ်လို့ တူရကီက ထင်နေပါတယ်။ ပီကေကေကို တူရကီ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် အမည်ပျက်စာရင်းနဲ့ သတ်မှတ်ခဲ့ကြပါတယ်။ အာဒိုဂန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင် က အန်ကာရာ အနေနဲ့ အားလုံးကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဝိုင်ပီဂျီရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး တူရကီနဲ့ အမေရိကန်ကြားထဲမှာ သဘောထားကွဲလွဲမှုတော့ အနည်းငယ် ရှိနေတယ်လို့ သိရပါတယ်။ အခုလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက တူရကီ အနေနဲ့ ကာ့ဒ် တိုက်ခိုက်ရေးသမားတွေကို နိုင်ထက် စီးနင်းမလုပ်ဖို့ ပြောကြားပြီးနောက် အဲဒီလို သဘောထားကွဲလွဲမှုကို အထင်အရှား တွေ့မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ငွေကြေး တန်ဖိုးကျဆင်း

လွန်ခဲ့တဲ့အပတ်က အန်ကာရာကို မသွားခင်မှာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က အမေရိကန်တွေ ဆီးရီးယားကနေပြီး ဆုတ်ခွာလာတယ်ဆိုတာ ကာ့ဒ် တိုက်ခိုက်ရေးသမားတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်နေတယ်လို့ ပြောပါတယ်။ အဲဒီလိုလုပ်လိုက်ခြင်းဟာ စိတ်ဆိုးနေတဲ့ တူရကီအရာရှိတွေကို တစ်နည်းမဟုတ်တစ်နည်း ရန်စလိုက်သလိုပါပဲ။ အမေရိကန်က တူရကီကို အရေးယူ ပိတ်ဆို့မှုသစ်တွေ ပြုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တာကြောင့် တူရကီ ငွေကြေးတန်ဖိုးဟာ တစ်ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပါတယ်။

သဘောတူခဲ့

တူရကီဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်အဖွဲ့နဲ့ ဝိုင်ပီဂျီအဖွဲ့ကို နှိမ်နင်းဖို့ ဆီးရီးယားမြောက်ပိုင်းကို ထိုးစစ်ဆင်နွှဲခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ တူရကီတပ်ဖွဲ့ထောက်ပံ့ခံ ဆီးရီးယားသူပုန်တပ်ဖွဲ့ဟာ ဝိုင်ပီဂျီရဲ့ အနောက်မြောက်ပိုင်းနယ်မြေကို သိမ်းပိုက်ခဲ့ပါတယ်။ ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေး သမားတွေကို ထောက်ပံ့ပေးနေတဲ့ အန်ကာရာကလည်းပဲ အီဒလစ် နောက်ဆုံးတိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ထို့အပြင် တူရကီဟာ အီဒလစ်မှာ စစ်မဲ့ဇုန်တစ်ခုတည်ဆောက်ရေး ရုရှား မဟာမိတ်ဖြစ်တဲ့ ဒမတ်စကတ်နဲ့လည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။

တိုက်တွန်းဆော်သြ

သို့သော်လည်း သူတို့နှစ်ဦးရဲ့ သဘောတူညီချက်ဟာ ဆီးရီးယားကို ဂျီဟတ်တွေ ကျူးကျော်လာတာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ဟာရက် တာရာ အယ်လ်ရှမ် (အိတ်ချ်တီအက်စ်) အကြမ်းဖက်အဖွဲ့ကလည်းပဲ သူ့ရဲ့အုပ်ချုပ်မှု အခန်းကဏ္ဍကို အီဒလစ် တစ်ဝန်း ဖြန့်ကြက်လို့ လာခဲ့ပါတယ်။ အိတ်ချ်တီအက်စ် အဖွဲ့ဟာ အီဒလစ်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကိုလည်း အမှန်တကယ် မဖြစ်နိုင်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်လက်ကာဗူ ဆိုကလူက ပြောပါတယ်။

ဒါကြောင့်ပဲ လွန်ခဲ့တဲ့ တနင်္ဂနွေ နေ့က ဆီးရီးယားအမျိုးသား မဟာမိတ် တပ်ဖွဲ့ဟာ အီဒလစ်မှာ အိတ်ချ်တီ အက်စ်အဖွဲ့ တည်ရှိမှုအဆုံးသတ်နိုင်ရေး၊ အခြေခံကျတဲ့ ဖြေရှင်းချက်တစ်ခု ထွက်ပေါ်လာဖို့အရေး၊ တိုက်တွန်း ဆော်သြလိုက်ပါတယ်။ တူရကီနိုင်ငံခြား ရေးဝန်ကြီကတော့ တချို့ကိစ္စတွေကို တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

အခြေအနေအားလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင် ဒီအခြေအနေ မှာ အားလုံးက ပိုနေမြဲ ကျားနေမြဲ အတိုင်းဖြစ်မလား၊ သို့မဟုတ် အမေရိကန်ကိုမမှုဘဲ ကာ့ဒ်တိုက်ခိုက် ရေးသမားတွေ အပါအဝင် အကြမ်းဖက် သမားအားလုံးကို အန်ကာရာကပဲ အရဲစွန့်ပြီး တိုက်ခိုက်သွားမလားဆိုတာ လေ့လာစောင့်ကြည့်သွားရဦးမှာပါ။

ကိုးကား - အေအက်ဖ်ပီ