ပါကစ္စတန်တွင် မြေပြိုမှု ဖြစ်ပွားကာ ခရီးသည်တင်ယာဉ် နစ်မြုပ် အလုပ်သမား ၈ ဦးသေဆုံး

၁၅ ဇန်နဝါရီ

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ကိုဟီစတန် ခရိုင်တွင် မြေပြိုမှုဖြစ်ပွားကာခရီးသည်တင်ယာဉ် နစ်မြုပ်ခဲ့သဖြင့် အလုပ်သမား ၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသောသူများ ပျောက်ဆုံးနေကြောင်း ပြည်တွင်း သတင်း ယနေ့ထုတ်ပြန်ခဲ့သည်။

အဓိက အဝေးပြေးလမ်းမကြီး၌ ထိုမြေပြိုမှုကြောင့် ခရီးသည်တင်ယာဉ်စုန်းစုန်း နစ်မြုပ်မှု ယမန်နေ့ညက ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များနှင့် စေတနာ့ဝန်ထမ်းများက ယနေ့မနက်စောပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ယာဉ်သည် အလုပ်မှနေအိမ်သို့ ပြန်လာသည့် အလုပ်သမား ၁၂ ဦး ကိုတင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ ဒေသတွင် ဆီးနှင်းများကျခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းတို့ကြောင့် ထိုမြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းမြေပြိုမှုဖြစ်ပွားပြီးနောက် ထိုအဝေးပြေးလမ်းကို ပိတ်ထားခဲ့ပြီး ဂီဂျဟ် ဘယ်တီစတန် ဒေသမြောက်ပိုင်းနှင့် ဆက်သွယ်ထားသော နိုင်ငံ၏ အနောက်မြောက်ပိုင်း ကိုင်ဘာ ပတ်တွန်ကဝါ ပြည်နယ်တို့တွင် ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို