ပွင့်ဖြူမြို့နယ်၌ အမျိုးသမီးများ မိသားစုအပိုဝင်ငွေရရှိစေမည့် မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ  ၂၁ ဇန်နဝါရီ     


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေ အမျိုးသမီးများ မိသားစုအပိုဝင်ငွေ ရရှိစေမည့် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD Network Group)မှ ကြီးမှူး၍ ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာ အခြေခံပညာမူလတန်းကြို ကျောင်းတွင် အသက်မွေးဝမ်းကျောင်း အထောက်ကူပြု မုန့်လုပ်နည်းသင်တန်းကို ဇန်နဝါရီ ၁၉ ရက် မှ စတင်ကာ ဖွင့်လှစ်ပို့ချ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 

 

mdn


 “ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD Network Group)မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ကျေးလက်နေ အမျိုးသမီးတွေ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်ပြီးတော့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်းတွေ နယ်လှည့်ကွင်းဆင်းပြီး ဖွင့်လှစ်ပို့ချ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ယခု ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာ မူလတန်းကြိုကျောင်းမှာ ဖွင့်လှစ်တဲ့ မုန့်လုပ်နည်းသင်တန်းကိုတော့ တောင်အင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာမှ သင်တန်းသား အမျိုးသမီး ၆၃ ဦး တက်ရောက် သင်ကြားနေတာ ဖြစ်ပါတယ်။ သင်တန်းဖွင့်လှစ်ရာမှာ လိုအပ်သည့် သင်တန်းအတွက် ကုန်ကျစရိတ်တွေကို ကျွန်တော်တို့ ဖွံ့ဖြိုးရေးအသင်းကပဲ စီစဉ်ဆောင်ရွက်ပေးတာဖြစ်ပြီး သင်တန်းနည်းပြတွေကိုတော့ ကျောက်ပန်းတောင်းမြို့နယ်က မုန့်လုပ်နည်းကျွမ်းကျင်တဲ့ ဆရာမနှစ်ဦးကို ငှားရမ်းပြီး ဖွင့်လှစ်သင်ကြားနေတာ ဖြစ်ပါတယ်။ ဒီ မုန့်လုပ်နည်းသင်တန်းမှာဆိုရင် ကျေးလက်နေအမျိုးသမီးတွေ ငွေကြေးအရင်းအနှီး သက်သာစွာနဲ့ ဝင်ငွေရရှိအောင် လုပ်ကိုင်နိုင်မည့် ကျောက်ဖရုံယို ၊ ငှက်ပျောခြောက်ကြော် ၊ အားလူးကြော် ၊ ဂျုံမုန့်ပဲချောင်း ၊ မကျည်း တော်ဖီ ၊ ကုလားပဲချောင်း ၊ ခရမ်းချဉ်သီးဆော့ ၊ မကျည်းဖျော်ရည် ၊ ဇီးဖျော်ရည် စသည့် မုန့်လုပ်နည်းပညာရပ်တွေကို စနစ်တကျ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးတာဖြစ်ပါတယ်။ ယခု သင်တန်းကိုတော့ ဇန်နဝါရီ ၁၉ ရက် မှ စတင်ပြီး ၂၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပါတယ်။ 

ယခု တောင်အင်းကျေးရွာဖွင့်လှစ်ပြီးစီးသွားရင်လည်း ဇန်နဝါရီ ၂၆ ၊ ၂၇ ၊ ၂၈ ရက် (၃)ရက်ကြာ သင်တန်းကို ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှာ ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD Network Group)မှ အသင်းဥက္ကဋ္ဌ ဦးခင်မောင်ဇော် ၏ ပြောပြချက်အရ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)

 

ာိည