ပြင်သစ်အစိုးရကို ဆန္ဒပြသူများ ပိုမိုများပြားလာ

ပါရီ ၁၄ ဇန်နဝါရီ 

 

ပြင်သစ်နိုင်ငံ၌ အဝါရောင်အပေါ်ဝတ်အင်္ကျီဝတ်ဆင်ထားကြသူများ၏ ဆန္ဒပြလှုပ်ရှားမှုများ ရက်သတ္တကိုးပတ်ထဲသို့ ရောက်ရှိလာချိန်တွင် ဆန္ဒပြပြည်သူများသည် ပိတ်ရက်များအတွင်း ပင်ပန်းနွမ်းနယ်လာကြဟန်ရှိသော်လည်း စနေနေ့တွင် ဆန္ဒဖော် ထုတ်သူ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

 

ပြင်သစ်အစိုးရက ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ အဆုံးသတ်သွားစေရေးအတွက် ပြည်သူလူထုနှင့်ညှိနှိုင်းမှုရယူရန် ကြိုးပမ်းလျက်ရှိသည်။ ဆန္ဒဖော်ထုတ်သူများသည် စနေနေ့က ပြင်သစ်နိုင်ငံတစ်ဝန်းရှိ လမ်းများပေါ်သို့ ချီတက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များ၏ ပြောပြချက်ကို ကိုးကားလျက် BFMTV သတင်း ချန်နယ်က ဖော်ပြခဲ့သည်။

 

လူမှုကွန်ရက်မှတစ်ဆင့် သမ္မတမက်ခရွန်၏ ခေါင်းဆောင်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အဝါရောင်ဝတ်ဆင်သူများ၏ ဆန္ဒပြလှုပ်ရှားမှုများသည် စနေနေ့တွင် ပါဝင်လှုပ်ရှားသူ ၈၀ဝဝ ရှိလာခဲ့ပြီး ဇန်နဝါရီ ၅ ရက်က ဆန္ဒပြသူ ၂၀ဝဝ ရှိရာမှ မြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အစိုးရ၏ မူဝါဒအပေါ် ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်မှုသည် မူလအစတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုဖြင့်စတင်လာခဲ့ပြီး အကြီးစားထိခိုက်မှုများမရှိသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ပြင်းထန်လာခဲ့ကာ ဆန္ဒပြသူအချို့သည် အဓိကရုဏ်း ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ အစိုးရအဆောက်အအုံ ပရဝဏ်များဆီသို့ ကျူးကျော်မှုများလည်းရှိလာပြီး မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လာခဲ့သည်။ 

 

အဓိကရုဏ်းဖြစ်ပွားမှုကို ထိန်းချုပ်သည့် အာဏာပိုင်များက မျက်ရည်ယိုဓာတ်ငွေ့များ၊ မေ့ဆေးဗုံးများနှင့် ရေပိုက်များကိုအသုံးပြုကာ လူစုခွဲရန် လုပ်ဆောင်ခဲ့သည်။ 

 

ပါရီမြို့အတွင်း၌ ပြည်သူ ၁၀၂ ဦးတို့ကို လက်နက်များအဖြစ် အသုံးပြုနိုင်သည့်အရာများ ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖော်ပြချက် အရသိရသည်။

 

ဆင်ဟွာ