ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ . . .

၂၂  ဇန်နဝါရီ

 

“ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရပြီး လျှောက်ခဲ့တဲ့လမ်းဟာ ဖြောင့်ဖြောင့် တော့မဟုတ်ခဲ့ပါဘူး။ ပြောင်းလဲရေးဆိုတာ အကောင်းဘက် ပြောင်းလဲတာ ရှိသလို အဆိုးဘက်ပြောင်းလဲတာလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့ နိုင်ငံဟာ အစတုန်းမှာတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ စခဲ့သော်လည်း လမ်းလွဲခဲ့တာတွေလည်း ရှိပါတယ်။ ဒါတွေကို ပြန်လည်တည့်မတ်ဖို့ ကျွန်မတို့ဟာ ဒီမိုကရေစီ အရေးတော်ပုံနည်းလမ်းကို လျှောက်ခဲ့တယ်။ အကြမ်းမဖက်တဲ့နည်း၊ ငြိမ်းချမ်းတဲ့နည်း၊ ဝါဒဖြူစင်တဲ့နည်းလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးများ၊ လွတ်လပ်ရေး အတွက် စတေးခဲ့ကြတဲ့ သာမန်ပြည်သူပြည်သားတွေရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင် ဖြူစင်တဲ့ဝါဒနဲ့ တရားမျှတတဲ့ လွတ်လပ်မှုရအောင်၊ တရားမျှတတဲ့ ဒီမိုကရေစီစနစ်တစ်ခု ထူထောင်နိုင်အောင် ကြိုးပမ်းခဲ့တာပါ။”

 

၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MIဃဃ-II) ၌ ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် အမှာစကားကို ပြန်လည်မှတ်သားမိသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည်မှစ၍ တိုင်းပြည်မငြိမ်းချမ်းသေးသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ မငြိမ်းချမ်းသည့်ကြားမှ ခေတ်အဆက်ဆက် တိုင်းပြည်ကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲဆောင်ရွက်ခဲ့ကြသော်လည်း အကောင်းထက် အဆိုးဘက်က ပိုလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် တရားမျှတပြီး ဝါဒဖြူစင်သည့် ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်အောင် ကြိုးပမ်းတည်ဆောက်နေကြသည်။

 

နိုင်ငံတော်သီချင်း

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိသောအခါ နိုင်ငံတော်၏ အနာဂတ်ကို မည်သို့မည်ပုံ ဆက်လက်လျှောက်လှမ်းမည်ဟူသည့် နိုင်ငံ့ခေါင်းဆောင်များ၏ မျှော်မှန်းချက်ကို လွတ်လပ်ရေးအတွက် ရည်ညွှန်း စပ်ဆိုခဲ့သည့် “နိုင်ငံတော်သီချင်း” တွင် ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသည်။ ဤအချက်ကိုရည်ညွှန်း၍ မျက်မှောက်ကာလ နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောပြခဲ့သည်။ နိုင်ငံတော်သီချင်း၏ ဆိုလိုရင်းအဓိပ္ပာယ်အနှစ်ချုပ်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းဟူသည့် အချက်သုံးချက်သာဖြစ်သည်။ ယင်းအချက်သုံးချက်ကို ဖော်ဆောင်နိုင်ရန်အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေသည်ကို ရှုမြင်ရမည် ဖြစ်သည်။

 

နိုင်ငံတော်သီချင်း၏ အနက်အဓိပ္ပာယ်သည် လေးနက်တည်ကြည်ပေသည်။ ဆိုလိုရင်းကို တိုတိုရှင်းရှင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား နိုင်ငံသူ၊ နိုင်ငံသားများက မည်သို့မည်ပုံဆောက်တည်ကြမည်ကို ညွှန်းဆို ပြထားသည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလတွင် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများ၊ ဘိုးဘွားများက ပြည်ထောင်စုကြီးကို မည်သို့မည်ပုံ မျှော်မှန်းထားသည်၊ မည်သို့ထိန်းသိမ်းစောင့်ရှောက်ကြရမည်ကို နိုင်ငံတော် သီချင်းတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ နိုင်ငံတော်သီချင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအားလုံးနှင့် သက်ဆိုင်သည့်၊ လက်ကိုင်ထားရမည့်၊ စွဲမြဲစွာ အဓိဋ္ဌာန်ပြုရမည့် အမျိုးသားသီချင်းဖြစ်သည်။

 

တရားမျှတမှုဖြင့် စတင်

 

နိုင်ငံတော်သီချင်းဖွဲ့ဆိုထားမှုကို သေချာစွာစေ့ငုကြည့်ပါက ပြည်ထောင်စုအသွင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ထိုသီချင်းသည် ပြည်ထောင်စုအတွက် ညွှန်းဆိုရေးဖွဲ့ထားသည့်အတိုင်း လွတ်လပ်သော နိုင်ငံတော်ကို ဖော်ကျူးရာ၌ တရားမျှတမှုနှင့် စတင်ထားသည်ကို တွေ့ရသည်။ တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေဟုဆိုရာ၌ မသွေဟူသည် သွေဖည်ခြင်းမပြုသည်ကို ဆိုလိုပြီး လွတ်လပ်မှုကို ရယူရာ၌ တရားမျှတမှုမှ မသွေဖည်ခြင်းဟု မှတ်ယူနိုင်သည်။ ထိုခေတ်ထိုကာလက စာပေအနုပညာရှင်များသည် ပြည်ထောင်စုတစ်ခုလုံးကို လွှမ်းခြုံကာ ညွှန်းဆိုအသိပေးခဲ့သည်။

 

တရားမျှတမှုသည် အရေးကြီးသော ဦးစားပေးအချက်ဖြစ်သည်။ တရားမျှတမှုမရှိဟု ယူဆပါက မယုံကြည်မှု၊ မကျေနပ်မှုများ ဖြစ်ပေါ်နိုင်သည်။ အမှန်တကယ်တွင် တရားမျှတမှုမရှိခြင်းသည် အနိုင်ကျင့်ဗိုလ်ကျခြင်းတစ်မျိုး ဖြစ်ပြီး လွတ်လပ်သောနိုင်ငံသားတို့၏ လူ့အခွင့်အရေးများ ဆုံးရှုံးနိုင်သည်။ တရားမျှတခြင်းဖြင့် လူ့ဘောင်လောက ငြိမ်းချမ်းသာယာခြင်းကို တည်ဆောက် နိုင်သည်။ ထို့ကြောင့် တရားမျှတလွတ်လပ်ခြင်းကို မသွေဖည်အောင် အားထုတ်ကြရသည်။

 

လူခပ်သိမ်းငြိမ်းချမ်းရေး

 

“များလူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်” လွတ်လပ်သည့်နိုင်ငံတွင် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသည်။ ငြိမ်းချမ်းမှသာ ပြည်သူအများ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း နေထိုင်နိုင်မည်  ဖြစ်သည်။ ထိုသို့ငြိမ်းချမ်းစေရန်အတွက် နိုင်ငံသူ၊ နိုင်ငံသားများ အခွင့်အရေးများကို သာတူညီမျှရကြဖို့လိုအပ်သည်။ အခွင့်အရေးများ သာတူညီမျှ မရကြပါက တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မကျေမနပ်ဖြစ်ကြကာ ရန်လိုရန်ဖက်ဖြစ်ကြပြီး နောက်ဆုံးတွင် သတ်ကြဖြတ်ကြနှင့်ပျက်စီးခြင်း အဖြစ်သို့ ရောက်ကြရသည်ကို မြင်တွေ့နိုင်မည်။

 

“ဝါဒဖြူစင်တဲ့ပြည်” နိုင်ငံတစ်နိုင်ငံအနေဖြင့်ဖြစ်စေ၊ လူတစ်ဦးချင်း အနေဖြင့်ဖြစ်စေ ဖြူစင်သည့် သဘောထား၊ ဖြူစင်သည့် စိတ်ထား၊ ဖြူစင်သည့် ဝါဒရှိဖို့ လိုအပ်ပါသည်။ သို့မှသာ ထိုနိုင်ငံ၊ ထိုလူမျိုးသည် ဂုဏ်သိက္ခာရှိသောနိုင်ငံ၊ ဂုဏ်သိက္ခာရှိသော လူမျိုးဖြစ်ပေလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အပေါ်တွင် မေတ္တာတရားထားကာ အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်ခြင်း နည်းလမ်းဖြစ်စေသည်။ တစ်နည်းဆိုလျှင် အကြမ်းမဖက်သောနည်း၊ ငြိမ်းချမ်းသောနည်းဖြစ်သည်။ ယင်းနည်းသည် ဖြူစင်သည့်ဝါဒနည်းပင် ဖြစ်သည်။

 

ဒီမိုကရေစီစနစ်

 

ပြည်ထောင်စုအတွက် အသက်သွေးချွေးနှင့်ဘဝများပါ စတေးပေးဆပ်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ အမျိုးသားခေါင်းဆောင်များ၊ သာမန်ပြည်သူများ မျှော်မှန်းခဲ့ကြသည့် ပြည်ထောင်စုနှင့် ကိုက်ညီအောင်၊ ဖြူစင်သည့်ဝါဒနှင့် တရားမျှတမှုရှိသည့် နိုင်ငံဖြစ်အောင် အခွင့်အရေးညီမျှသည့် ဒီမိုကရေစီစနစ် ထူထောင်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုသို့ထူထောင်ရာတွင် မတူကွဲပြားသော စနစ် တစ်ခုမှတစ်ခုသို့ ကူးပြောင်းရသည့်အတွက် ခက်ခဲကြမ်းတမ်းသည်။ အန္တရာယ်များသည်။ စွန့်လွှတ်စွန့်စားရသည်။ ဒီမိုကရေစီဟုဆိုသည်နှင့် အခွင့်အရေးနှင့် တာဝန်များပါလာသည်။ အခွင့်အရေးသာယူလိုပြီး တာဝန်မယူလိုပါက ဒီမိုကရေစီနှင့် ထိုက်တန်မည် မဟုတ်ချေ။

 

ဒီမိုကရေစီဆိုသည်မှာ အများပြည်သူအကျိုးစီးပွားဖြစ်ထွန်းရေး၊ လူအများ ကောင်းစားရေးဖြစ်သည်။ တစ်နည်းဆိုလျှင် (ပရ) အများအကျိုးကို ဦးစားပေးရသည်။ လူဆိုသည်မှာ (အတ္တ)ကိုယ်ကျိုးကို ရှေ့တန်းတင်သူများ ဖြစ်သည်။ အများအကျိုးကို ဦးစားပေးရမည်ဆိုသော်လည်း ကိုယ်ကျိုးစီးပွားကို လက်လွှတ်လိုခြင်း မရှိချေ။ ဤတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၌ ပွတ်တိုက်မှုများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများရှိလာသည်။ ယင်းတို့ကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာအဖြေရှာကြရသည်။ ဤသည်မှာ ဒီမိုကရေစီဖြစ်သည်။

 

အသွင်ကူးပြောင်းရေး

 

အသွင်ကူးပြောင်းရေး၊ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်လှသည်။ စိန်ခေါ်မှုများ၊ တိုက်ခိုက်မှုများကို ကြုံတွေ့ကြရသည်။ အသွင်မတူသူများနှင့် ပေါင်းစပ်လုပ်ကိုင်ရသည်။ မတူကွဲပြားမှုများကို နားလည်မှုပေး၍ အများအကျိုးအတွက် ဆောင်ရွက်ရသည်။ လွတ်လပ်ရေးရပြီးသည်နှင့် နိုင်ငံထူထောင်ရေး၊ အသွင်ကူးပြောင်းရေးကို တက်ညီလက်ညီ လုပ်ကိုင်ကြမည်ဆိုလျှင် ယနေ့အချိန်အခါတွင် ပြည်ထောင်စု၏ အသီးအပွင့်များကို မြိန်ရေရှက်ရေ ခံစားနေလောက်ပြီ။ သို့သော် အချိန်လင့်မှသာ လုပ်နည်းကိုင်နည်းများ၊ မိမိတို့၏ အတွေးအခေါ် အယူအဆများကို ပြောင်းလဲနိုင်အောင် ကြိုးစားနေရသည်။

 

အချို့လည်း ပြောင်းလဲမှုတွင် လိုက်ပါလိုသူများရှိသည်။ အချို့လည်း နဂိုရည်မပျက်ဘဲ နေမြဲနေကြသူများလည်း ရှိသည်။ အချို့လည်း ဘေးတိုက် လိုက်သူများရှိသည်။ အချို့လည်း ကန့်လန့်တိုက်သူများရှိသည်။ ရန်လိုမုန်းဖက် ပြုလုပ်ကြသူများ ရှိသည်။ အချို့နောက်မြီးဆွဲသူများလည်း ရှိသည်။ ဤသို့ဤပုံ ဖြစ်နေကြသည်ကို စဉ်းစားကြည့်လျှင် ပြည်ထောင်စုအတွက် အသွင်ကူးပြောင်းရေးကို မည်သို့မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်ပါမည်နည်း။ ဤအရာများအားလုံးကို ပေါင်းထုပ်ပယ်သတ်၍ လိုရာခရီးသို့ရောက်အောင် ပြုပြင်ပြောင်းလဲရေးလုပ်ကိုင်ရသည်မှာ လွယ်ကူလှသည်မဟုတ်ချေ။

 

ပန်းတိုင်သို့ ရှေးရှု

 

ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံအများသည် အသွင်ကူးပြောင်းရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်ကြသည်။ မိမိတို့ နိုင်ငံအနေဖြင့် မညီညွတ်မှုဖြင့် သူတစ်ပါးနောက်တွင် များစွာကျန်နေရစ်သည်။ ထို့ကြောင့် ယနေ့ကာလတွင် ပြည်ထောင်စုသားအားလုံး မလျှော့သော ဇွဲလုံ့လဖြင့် ညီညီညွတ်ညွတ်ပြုပြင်ပြောင်းလဲကြမည်။ နိုင်ငံတော်သီချင်းတွင် ညွှန်းဆိုထားသည့်အတိုင်း တရားမျှတသည့် လွတ်လပ်သောနိုင်ငံ တည်ဆောက်ကြမည်။ ပြည်ထောင်စုတိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းစေဖို့ အခွင့်အရေးညီမျှသည့် ဝါဒဖြူစင်ရေးကို ကြိုးပမ်းကြမည်။ ဘိုးဘွားအမွေအနှစ်ဖြစ်သော ပြည်ထောင်စုကြီး အမြဲတည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ ရှေးရှုတက်လှမ်းကြမည်။

 

သို့ဖြစ်၍ အမျိုးသားခေါင်းဆောင်ကြီးများ၊ မိမိတို့ဘိုးဘွားများ အမွေပေးခဲ့သည့် ပြည်ထောင်စုကြီး အမြဲတည်တံ့စေဖို့ ထိန်းသိမ်းကြပါစို့။ ပြည်ထောင်စုကြီး မပြိုကွဲအောင် အသက်ပေးလို့ ကာကွယ်ကြပါစို့။ ဤမြေသည် ငါတို့မြေ၊ ဤတိုင်းပြည်သည် ငါတို့တိုင်းပြည်။ ဒို့ပြည်၊ ဒို့မြေ အကျိုးကို ညီညာစွာဖြင့် ငါတို့တစ်တွေသည် သယ်ပိုးထမ်းဆောင်ကြပါစို့ ဟု ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအားလုံး အဓိဋ္ဌာန်ပြုကြပါစို့။ ။

 

မောင်မောင်ကျော်

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး