ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်ပေါက်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ၇  ဇန်နဝါရီ 

 မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကျိန်စမ်းကျော့နယ်စပ်ဂိတ်ပေါက် ဖွင့်လှစ်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့် က မြန်မာနိုင်ငံအနေဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း(၅)နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ဆောင်ရွက် လျှက်ရှိရာတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုသည် ပမာဏအများဆုံးဖြစ်ပြီး ကုန်သွယ်မှု တိုးတက် လျှက်ရှိကြောင်း၊ ယခုကဲ့သို့ ကုန်သွယ်မှုတိုးတက်လာရခြင်းမှာ နှစ်နိုင်ငံ အစိုးရနှင့် သက်ဆိုင်ရာ ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများအပြင် နှစ်နိုင်ငံ အကြားကုန်စည်ပြပွဲများနှင့်  ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ရင်းနှီးပွင့်လင်းစွာ ကျင်းပနိုင်ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း။


နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို အလေးထားဆောင်ရွက်ရာတွင် နယ်စပ်နေပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေး၊  အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့ကို မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိ သကဲ့သို့ မိမိတို့ဌာနဆိုင်ရာများ အပိုင်းမှလည်း ကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့ စေရေးအတွက် ကောင်းမွန်သင့်မြတ်သော နည်းလမ်းများရှာဖွေ ပံ့ပိုးပေးသွားပါက နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိ ဖရဲ၊ သခွားထွက် ပေါ်သည့် ရာသီကာလတွင် ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက် ဆောင်ရွက်သင့်သည်များအား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း။


ကျိန်စမ်းကျော့နယ်စပ်ဂိတ်ကို နှစ်နိုင်ငံညှိနှိုင်း၍ သတ်မှတ်ချက်နှင့်အညီ တရားဝင် ပုံမှန် ဂိတ်ဖြစ်စေရေး ဆောင်ရွက်ခြင်းဖြင့် ယာဉ်ကျောပိတ်ဆို့မှုများ လျော့နည်းလာမည် ဖြစ်ပြီး ကုန်သွယ်မှု လျင်မြန်ချောမွေ့လာမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယာဉ်ကျော ပိတ်ဆို့မှု ဖြစ်ပေါ်နေသဖြင့် မိမိနိုင်ငံဘက်မှ စိုက်ပျိုးသူ တောင်သူများ ထိခိုက်နစ်နာ သကဲ့သို့ ယူနန်ပြည်နယ်ကုန်သည်များ ဘက်တွင်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံညှိနှိုင်းပေါင်းစပ်ဖြေရှင်း ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်းနှင့် ရေရှည်တွင် ကုန်သွယ်မှု တိုးတက်စေရေးနှင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 

78


ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ကျိန်စမ်းကျော့ (မန်းမန်-နွမ်းရင်) ဂိတ်ဖွင့်လှစ်နိုင်ရေး စတင်ဆောင်ရွက် ခဲ့မှုနှင့် မြန်မာ-တရုတ် ကုန်သွယ်မှုဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mrs. Li Xiaoyan က တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ကျိန်စမ်းကျော့ဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ လတ်တလော ယာဉ်ကြောပိတ်ဆို့မှု အတွက် နယ်စပ်ဝင်ထွက်ဂိတ်များတွင် ဝင်ထွက်နေမှု များ စစ်ဆေးချိန်ပိုမိုရရှိရေး၊ စစ်ဆေးသည့် ဝန်ထမ်းများ ပိုမို ထားရှိပေးနိုင်မည့် အခြေ အနေများ၊ ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် နှစ်နိုင်ငံပြည်သူများ အကျိုး ဖြစ်ထွန်းစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။


 ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးသံမှူးမှ နှစ်နိုင်ငံကုန်စည် စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်များ တိုးချဲ့ဖွင့်လှစ် နိုင်ရေးစီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ကျိန်စမ်း ကျော့ဂိတ်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးသည်။ 


ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တက်ရောက်လာ သည့် ဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ 


(သတင်းစဉ်)