ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိခင်ဝိုင်းများ ဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို ထောက်ပံ့ခြင်းများ ဆောင်ရွက်

နေပြည်တော် ၁၂ ဇန်နဝါရီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများ ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၆၆၆ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁၉၉၈၀ဝ၀ဝ၊ မသန်စွမ်း ၂၇၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈၂၈၀ဝ၀ဝ၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၃၆၀၃၁၀ဝ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၄၀ဝ၀ဝ၀ နှင့် ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များ ပေးအပ်ကြရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာ လောကနန္ဒာကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၆၃၂ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁၈၉၆၀ဝ၀ဝ၊ မသန်စွမ်းသူ ၁၀၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀၃၀ဝ၀ဝ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၃၆၀၃၁၀ဝ နှင့် ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များ ပေးအပ်ပြီး ယင်းမာပင်မြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာရှိ  အထက်တန်းကျောင်း၌ ပုလဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၅၆၀ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁၆၈၀ဝ၀ဝ၀၊  မသန်စွမ်း ၈၆၄ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၅၉၂၀ဝ၀ဝ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၃၆၀၃၁၀ဝ တို့ကို ထောက်ပံ့ပေးအပ်သည်။

အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင်ထည်ဖေါ်လျက်ရှိရာ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များသည် အဓိက အထောက်ကူပြုလျက်ရှိပါကြောင်း၊ ကလေးငယ်ဘဝမှ သက်ကြီးရွယ်အိုအထိ တစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နည်းစနစ်ကျစွာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုဖြင့် သာတူညီမျှခံစားရရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် လူမှုစီးပွားတိုးတက်ရေး၏ အဟန့်အတားများကို ကျော်လွှားစေပြီး နိုင်ငံတော်မှ အဓိကရည်မှန်းသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးမြှင့်တင်လျက်ရှိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)