ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ချင်းပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တို့သည် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်နှင့် ရိခေါဒါရ်မြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

 

 

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လsက်ရှိသော အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်သည့် တီးတိန်မြို့နယ် မဏိပူရ်မြစ်ကူးတံတား (ဖိရ်တွန့်)သို့ ရောက်ရှိရာ တာဝန်ရှိသူများက တံတားတည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က တံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

 

ထို့နောက် မဏိပူရ်မြစ်ကူးတံတား (တွီးထန်) ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ တံတားခိုင်နိုင်ဝန်ထက် ပိုသောယာဉ်များ မဖြတ်သန်းရေးအတွက် ဒေသခံပြည်သူများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်းကြပ်မတ်ဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

 

ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တို့သည် တီးတိန်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်မည့် (၂)ထပ်ကျောင်းဆောင်နှင့် အုပ်ချုပ်မှုရုံး တည်ဆောက်မည့် လုပ်ငန်းခွင် သို့ရောက်ရှိကြပြီး ကျောင်းဆောင်သစ်ကို ပန္နက်တင်ပေးကြသည်။

 

 

ထို့နောက် သင်တန်းသူများအား လေ့ကျင့်သင်ကြားပေးနေသော အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

 

ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ တိုင်းရင်းသားလူငယ်များအနေဖြင့် ပညာသင်ကြားရာတွင် ခံယူရမည့် သဘောထားများ၊ အခြေခံပညာအထက်တန်း အောင်ချက်ကောင်းမွန်ရေး ကြိုးပမ်းကြရန်နှင့် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်သူများဖြစ်အောင် လေ့ကျင့်သင်ကြားကြရန်၊ ကိုယ်ပိုင်အားလပ်ချိန်များတွင် စာအုပ်၊ စာပေများဖတ်ရှုလေ့လာခြင်း၊ အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် စေတနာထား လေ့ကျင့်သင်ကြား ပေးကြရန်မှာကြား၍ ကျောင်း၏လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။

 

 

ထို့နောက် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် စေတနာထားပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

 

 

မွန်းလွဲပိုင်းတွင် ဖလမ်းခရိုင် ရိခေါဒါရ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၂)ထပ်ကျောင်းဆောင်ကို ကြည့်ရှုစစ်ဆေးသည်။

 

 

ထို့နောက် ရိခေါဒါရ်မြို့ ရေရရှိရေးအတွက် သီးကျီရ်ရေထွက်မှ (၂၀/ဝ)မိုင်နှင့် (၁၅/ဝ)မိုင် အကွာ ရေပေးဝေရန် လျာထားသည့်နေရာသို့ ရောက်ရှိပြီး ရေရရှိနိုင်ရေးအတွက်  ကွင်းဆင်းလေ့လာထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

 

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဟူသည့် အဓိကတာဝန်(၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် နိုင်ငံတော်ရန်ပုံငွေဖြင့်သာမက နှစ်နိုင်ငံပူးပေါင်းရွက်မှုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အရှည်ပေ ၃၁၀၊ အကျယ် ၁၂ ပေရှိ မဏိပူရ်မြစ်ကူး တံတား(ဖိရ်တွန့်)ကို အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ရန်ပုံငွေကျပ် ၆၃၈ ဒသမ ၀၅၄ သန်းနှင့် အရှည် ပေ ၄၀၀၊ အကျယ် ၁၄ ပေရှိ မဏိပူရ်မြစ်ကူးတံတား (တွီးထန်) ကို ခွင့်ပြုရန်ပုံငွေကျပ် သန်း  ၆၆၀ ဖြင့် တည်ဆောက်ထားသည်။

 

 

အဆိုပါ တံတားများကို ဒေသန္တရလမ်း/ တံတားကော်မတီ၏ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့်အညီ ကျေးလက်တံတား ခံနိုင်ဝန် ၁၃ တန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 

 

(သတင်းစဉ်)