ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ယူနန်ပြည်နယ် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေဆုံ

ရန်ကုန် ၁၉ ဇန်နဝါရီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး  H.E. Zhao Jin နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

တွေ့ဆုံရာတွင် နှစ်နိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပလျက်ရှိသော (၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသို့ သွားရောက်၍ စာမေးပွဲသြဝါဒါ စရိယဆရာတော်များ၊ စာထောက် စာမ ဆရာတော်များ၊ စာပြန်သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။

 

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပလျက်ရှိပြီး စာမေးပွဲကြီး၌ သြဝါဒါစရိယဆရာတော် ၁၁ ပါး၊ စာထောက် စာမဆရာတော် ၁၂၄ ပါး၊ လူပုဂ္ဂိုလ် စာထောက်စာမှတ် ၆၆ ဦးနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ ကူညီဆောင်ရွက်၍ စာပြန်သံဃာတော် အပါး ၂၂၀ တို့ အာဂုံပြန်ဆိုလျက်ရှိကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာပြန်သံဃာတော်များ အာဂုံစာပြန်ဆိုမှုကို လှည့်လည်ကြည်ညိုပြီး စာမေးပွဲသြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များအား နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဗုဒ္ဓသာသနာဝင် သမိုင်းတစ်လျှောက် သင်္ဂါယနာ ၆ ကြိမ် တင်ခဲ့ရာ မြန်မာဗုဒ္ဓ ဘာသာဝင်တို့သည် ပဉ္စမသင်္ဂါယနာနှင့် ဆဋ္ဌသင်္ဂါယနာ ၂ ကြိမ်တိုင် ဆင်နွှဲခွင့်ရခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင်သည့်အခါ ပိဋကသုံးပုံ အာဂုံဆောင် သာသနာ့ အာဇာနည် အရှင်မြတ်များရရှိရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှာပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ပထမအကြိမ် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။


တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၁၉၅၄ ခုနှစ်တွင် ၆ ကြိမ်မြောက် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး စတင်ကျင်းပသည့်နှစ်ဖြစ်၍ ထိုနှစ်တွင် စစ်ကိုင်းတောင်ရိုး မင်းကွန်းဓမ္မနာဒ ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရာဘိဝံသ အရှင်မြတ်သည် တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲကြီး အာဂုံပြန်နှင့် ရေးဖြေ နှစ်မျိုးစလုံး၌ ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတိပိဋကဓရ မဟာတိပိဋကကောဝိဒ  ဘွဲ့ရ ဆရာတော်တစ်ပါး စတင်ပေါ်ထွန်းခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနားကြီးတွင် မန္တလေးမြို့ ညောင်ရမ်းဆရာတော်ဘုရားကြီးက သံဃာ့ဦးသျှောင် မထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး မဟာစည်ဆရာတော် အရှင်သောဘနက အမေးပုစ္ဆက ဆရာတော်အဖြစ်လည်းကောင်း၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း အရှင်ဝိစိတ္တသာရာဘိဝံသက အဖြေ ဝိဿဇ္ဇက ဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူကြလျက် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို စတင်ကျင်းပခဲ့သည်မှစ၍ တစ်ကြိမ်မျှ ပျက်ကွက်မှုမရှိခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ  (၇၁)ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်သည်။ စာမေးပွဲကြီးတွင် အာဂုံပြန်နှင့် သဘောရေးဖြေ ၂ မျိုးခွဲခြားဖြေဆိုရပြီး ပိဋကတ်သုံးပုံလုံး စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာကို ပြီးမြောက်အောင် အာဂုံပြန်ဆိုခြင်းပြုနိုင်ပါမှ တိပိဋကဓရဘွဲ့နှင့် သဘောရေးဖြေ ဖြေဆိုခြင်း အောင်မြင်ပါမှ တိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ခံရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ ပရိယတ္တိစာမေးပွဲလောကတွင် အဆင့်အမြင့်ဆုံး စာမေးပွဲကြီးဖြစ်၍ စာမေးပွဲကြီး ပထမအကြိမ်မှ အကြိမ် ၇၀ ထိ ပထမဆုံးအောင်မြင်တော်မူသည့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အပါအဝင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ၁၄ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။

 

(၇၁)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်စာမေးပွဲကြီးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ကျင်းပခဲ့ပြီး ယနေ့အာဂုံပြန်ဆိုပွဲပြီးဆုံး၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်ထိ သဘောရေးဖြေစာမေးပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)