ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု ရရှိနေဆဲ ပိတ်ကားထောင် ရုပ်ရှင် 

မန္တလေး ၂၁ ဇန်နဝါရီ 


မီးပွားများ တဖွဲဖွဲကျနေပြီး ဖလင်လိပ်ကြီးကလည် နေသည်။ ဖလင်ပြားက အထက်အောက်ပြေးနေပြီး မီးစလိုက်နဲ့ ဖလင်ပြားကို ထိုးလိုက်သည့် အခါ ပေ ၅၀ ကျော် အကွာလောက်မှာ ထောင်ထားသည့် ပိတ်ကားကြီးပေါ်တွင် အရုပ်များ အသက်ဝင် လှုပ်ရှားလာပေသည်။  


ရုပ်ရှင်ပြစက်အောက်တွင် ဖလင်တစ်ခွေ ကုန်ခါနီးလျှင် ဖလင်စတွေကို ဆွဲထုတ်ကာ နောက်တစ်ခွေနှင့် ဆက်ရသည်။   


စလိုက် မီးရှေ့ဖြတ်သွားလို့ ပိတ်ကားပေါ်မှာ ပေါ်လာသည့် ပုံရိပ်များ ၊ ပိတ်ကားရဲ့ နောက်ကျော ဘက်တွင် ပြောင်းပြန် ပေါ်နေသည့် ပုံရိပ်ကြီးတွေကို လူအများက စိတ်ဝင်တစား ကြည့်နေကြသည်။ 


ယခုမြင်ကွင်းတွေကတော့ မန္တလေးမြို့တွင် သာမက အခြားဒေသတွေများမှာပင် မြင်တွေ့ရမှု နည်းပါးလာသည့် ပိတ်ကားထောင်ဖြင့် ရုပ်ရှင်ပြသခြင်းပင် ဖြစ်သည်။ 


ဒီဂျစ်တယ်စနစ်ပြောင်းလဲလာခြင်းကြောင့် ဖလင်ငှါးရမ်းမှုနည်းပါးလာပြီး ပိတ်ကားထောင်ဖြင့်ရုပ်ရှင်ပြသမှုသည် ရှားပါးလာသည်။ 


ပိတ်ကားထောင်ရုပ်ရှင့်ဓလေ့ကို အားပေးသည့်အနေဖြင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ဘုရားပွဲတွင် ယခုလိုထည့်သွင်း ပြသခြင်းဖြစ်သည်။ 


ပိတ်ကားထောင်ရုပ်ရှင်ပြသခြင်းအတွက် ဇာတ်ကားအပေါ်တွင်မူတည်ပြီး ငွေကျပ် သုံးသောင်းမှစတင်ကာငှါရမ်းနိုင်ကြောင်း သိရသည်။


အိမို့မို့ခိုင်