ပထမအကြိမ် မြို့ကြီးလေးမြို့၌ မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများ ကျင်းပမည်

အရာတော်  ၁၉  ဇန်နဝါရီ    

 

မြန်မာနိုင်ငံတွင် ပထမအကြိမ်အဖြစ် မြို့ကြီးလေးမြို့တွင် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

 

တပို့တွဲလပြည့်နေ့ကို မြန်မာသနပ်ခါးနေ့အဖြစ် သတ်မှတ်၍  အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင် မြို့တို့တွင် ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ  ဦးကျော်မိုး ကပြောပြသည်။

 

FB_IMG_15478

 

''ယခုလ ၁၄ ရက်နေ့က မုံရွာမြို့မှာရှိတဲ့ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရုံးမှာ  ကျင်းပတဲ့  အလုပ်အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချကြတယ်။ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ဆိုပြီး တရားဝင် သတ်မှတ်လိုက်တာရယ်၊ တပို့တွဲလပြည့်နေ့ မြန်မာ့သနပ်ခါးနေ့ကို အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင်မြို့တို့မှာ မြန်မာ့သနပ်ခါးနေ့ကို ကျင်းပမယ်''ဟု ၎င်းက ပြောပြသည်။

 

တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်၍  အရာတော်၊ေ ရွှဘို၊ ရေစကြို၊ မြိုင် မြို့တို့တွင် ပထမအကြိမ် ကျင်းပမည့် မြန်မာ့သနပ်ခါးနေ့ အခမ်အနားတွင် ယင်းမြို့လေးမြို့တို့ရှိ တန်းခိုးကြီးဘုရားများ၌ နံနက်ခင်းပိုင်းအချိန်တွင် သနပ်ခါးဖြင့် ဘုရားမီးပူဇော်ခြင်း၊ လာရောက်မည့် သူများကို စတုဒီသာ ကျွေးမွေးခြင်းနှင့် သနပ်ခါးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ စတစ်ကာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် ညပိုင်းတွင် စာပေဟောပြောပွဲများဖြင့်  စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

FB_IMG_1547818210

 

''မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်ကို အစဉ်ထိန်းသိမ်းနိုင်စေရန်၊မြန်မာတွေ သနပ်ခါးကို မြတ်နိုးတန်းဖိုး ထားတတ်လာအောင် သနပ်ခါးလိမ်းတတ်တဲ့ အလ့အကျင့်လေးတွေရှိလာအောင် စတဲ့ ရည်ရွယ်ချက် လေးတွေနဲ့ ဒီပွဲကို ကျင်းပတာပါ။ နောက်နှစ်တွေလည်း  တပို့တွဲလပြည့်နေ့တိုင်း မြန်မာသနပ်ခါးနေ့  အခမ်းအနားတွေကို ကျင်းပသွားမှာပါ "ဟု ဥက္ကဋ္ဌ  ဦးကျော်မိုး ကပြောပြသည်။

 

မြန်မာနိုင်ငံတွင် သနပ်ခါးကို အရာတော်၊ ရွှေဘို၊ ပခုက္ကူ၊ ရေစကြို၊ ပေါက် နှင့် မြိုင် စသည့် မြို့နယ်များတွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ ယခုအခါတွင်  ပြည်ပမှ သနပ်ခါး အလှကုန်များ ဝင်ရောက်လာသဖြင့် ပြည်တွင်း သနပ်ခါး ဈေးကွက်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)

 

FB_IMG_1547818210