ရွှေဘိုခရိုင်အတွင်း မြို့နယ် ၆ မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ၂၄ ယူနစ် ဆောင်ရွက်မည်

ရွှေဘို ၂၂  ဇန်နဝါရီ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း ၂၄ ယူနစ်ကို ကျေးရွာ ၂၅ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ၅ ယူနစ်ကို ကျေးရွာငါးရွာတွင်လည်းကောင်း၊ ဝက်လက်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ၄ ယူနစ်ကို ကျေးရွာလေးရွာတွင်လည်းကောင်း၊ ခင်ဦးမြို့နယ်တွင် မြစိမ်းရောင် စီမံကိန်း ၃ ယူနစ်ကို ကျေးရွာသုံးရွာတွင်လည်းကောင်း၊ ရေဦးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ၃ ယူနစ် ကို ကျေးရွာသုံးရွာတွင်လည်းကောင်း၊ တန့်ဆည်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ၅ ယူနစ်ကို ကျေးရွာ ငါးရွာ တွင်လည်းကောင်း၊ ဒီပဲယင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ၄ ယူနစ်ကို ကျေးရွာငါးရွာ တွင်လည်းကောင်း၊ စုစုပေါင်း မြစိမ်းရောင်စီမံကိန်း ၂၄ ယူနစ်ကို ကျေးရွာပေါင်း ၂၅ ရွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း တစ်ယူနစ်လျှင် ရန်ပုံငွေကျပ် သိန်းသုံးရာ ရရှိမှာဖြစ်ပြီး အတိုးနှုန်းမှာ ငွေကျပ် ပြားငါးဆယ်မှ တစ်ကျပ်ခွဲအထိကို ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီက အများပြည်သူ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမှာ ဖြစ်ကြောင်း၊ သတ်မှတ်ကာလ တစ်ခုပြည့်ပါက အတိုးရငွေများကို ချေးငွေလည်ပတ်ရာတွင် လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း ကျေးလက်ပြည်သူအများစု၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  ခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမြင့်၏ ပြောကြားချက်အရ သိရသည်။


ရွှေဘိုခရိုင်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင် စီမံကိန်း ၁၆၆ ယူနစ်ကို ကျေးရွာပေါင်း ၁၈၆ ရွာအား အကောင်အထည်ဖော်လျက် ရှိသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာခြင်း၊ မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ လူနေမှုဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာခြင်း၊ စွမ်းဆောင်ရည် မြင့်မားလာခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်က ပြောသည်။


စိုးဝေအောင်(ခင်ဦး)