ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် လူမှုစီးပွားဘဝထိခိုက်မှုဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းအစီရင်ခံစာမိတ်ဆက်

ဘားအံ ၂၂  ဇန်နဝါရီ 


ကရင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလထိ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ဘေးဒဏ်ခံစားခဲ့ကြရသည့် ပြည်သူလူထုများ၏ လူမှုစီးပွားဘဝထိခိုက်မှုဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း အစီရင်ခံစာ မိတ်ဆက်တင်ပြသည့်အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

123


အဆိုပါအစီရင်ခံစာတွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့မှ သံလွင်မြစ်နှင့် ဂျိုင်းမြစ်ကမ်းနဘေးရှိ ကျေးရွာစုစုပေါင်း ၁၉၁ ရွာ၌ ၂၀၁၈ ခုနှစ် စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် လူမှုစီးပွားဘဝ ထိခိုက်မှုဆိုင်ရာ အချက်အလက်များကို လူငယ်များက ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်အဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ကြီးမှူး၍ ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့သည့် အစီရင်ခံစာဖြစ်ကြောင်း၊ ကျေးရွာရေကြီးနစ်မြှုပ် ဆုံးရှုံးမှုအခြေအနေ၊ ရေဘေးဒဏ် တုန့်ပြန်ဆောင်ရွက်မှု၊ ရေကြီးစဉ်နှင့် ရေကြီးပြီးသည့်ကာလ စာနပ်ရိက္ခာဖူလုံမှု၊ ရပ်ရွာများ၏ ကျန်းမာရေးအခြေအနေ၊ အခြေခံပညာရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အခြေအနေများ၊ ရပ်ရွာဖွံ့ဖြိုးမှုအခြေအနေများ စသည့်အချက်အလက်များပါဝင်သည့် အစီရင်ခံစားတစ်စောင်ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို ကိုးကားရည်ညွှန်း အသုံးပြုခြင်းအားဖြင့် နောင်အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ရေကြီးရေလျှံမှုဘေးဒဏ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

123


အစီရင်ခံစာမိတ်ဆက်သည့် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ̏ယခင်နှစ်ကဲ့သို့ ရေကြီးရေလျှံမှုမျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ရဘူးခြင်း မရှိသေးကြောင်း၊ ရေကြီးသည့် ကာလလည်းကြာမြင့်ခဲ့ကြောင်း၊ ထိုကာလများအတွင်း ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးစခန်းများတွင် ကြပ်တည်းစွာထားရသည့်အတွက် ကူးစက်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်ခဲ့ရကြောင်း၊ ရေကြီးစဉ်ကာလအတွင်း စိုက်ပျိုးသီးနှံ ၆၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများရှိ၍ ဆန်စပါး အခက်အခဲရှိနိုင်သည်ဟု စိုးရိမ်စိတ်များဖြစ်မိပါကြောင်း၊ ပြည်ထောင်စုအစိုးရ၏ ကူညီထောက်ပံ့မှု၊ လူထုစိတ်ဝင်စားမှုနှင့် ကူညီထောက်ပံ့မှု၊ နိုင်ငံနှင့်အဝန်း အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့မှုများရရှိခဲ့သည့်အတွက် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ ထိုအထဲတွင်မှ လူငယ်များ၏ ကူညီဆောင်ရွက်ပေးမှုများကို မြင်တွေ့ရသည့်အတွက် အားရကျေးနပ်မိပါကြောင်း၊ အနာဂတ်အတွက်ကောင်းသော လက္ခဏာပင်ဖြစ်ပါကြောင်း၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များက ပါဝင်ဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း˝ အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဦးတေဇထွဋ်လှိုင်ထွေးက လူမှုဖွံ့ဖြိုးရေး၊ လူမှုကူညီရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အမြင်သဘောထားများအား ပြောကြားကာ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး နန်းထက်ထက်လင်းစိုးက  လူမှုစီးပွားဘဝ ထိခိုက်မှုအချက်အလက်များဆိုင်ရာ အစီရင်ခံစားအား ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)