ရခိုင်နှင့် မကွေး နှစ်ဂိုးစီသရေကျ

၁၆ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) လက်ကျန်ပွဲကို ယနေ့ညနေပိုင်းက ဝေသာလီကွင်း၌ ကျင်းပရာ ရခိုင်အသင်းနှင့် မကွေးအသင်း နှစ်ဂိုးစီသရေကျခဲ့သည်။

 

ပထမအကျော့ပွဲအားလုံး အိမ်ကွင်းလက်ခံကစားရမည့် ရခိုင်အသင်း၏ ပထမဆုံးပွဲမှာ နိုင်ပွဲနှင့်လွဲချော်ခဲ့ပြီး သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

 

ရခိုင်အသင်းအနေဖြင့် ရာသီကြိုအပြောင်းအလဲများ ပြုလုပ်ထားသော်လည်း အကောင်းဆုံးပုံစံ ပြသနိုင်ခြင်းမရှိဘဲ နိုင်ပွဲနှင့် လွဲချော်ခဲ့သည်။ အမာခံကစားသမားများ မရှိတော့သော်လည်း မကွေးအသင်းသည် အဝေးကွင်း၌ အမှတ်ရယူနိုင်ခဲ့သည်။

 

ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့်အပြင် လက်ရွေးစင်အဆင့် ကစားသမားများဖြစ်သည့် မောင်မောင်စိုး၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ကျော်ဇင်ဖြိုးတို့ကို အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည့် မကွေးအသင်းသည် လူငယ်ကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ပြီး အောင်ဝေဖြိုး (ဂိုး)၊ အောင်မြင့်ထွန်း၊ ဝင်းမိုးကျော်တို့က ဦးဆောင်ကစားခဲ့သည်။

 

ရခိုင်အသင်းမှာလည်း အိမ်ကွင်း၌ ရလဒ်ကောင်းရရန် နိုင်ငံခြားသား ကစားသမားများ အပါအဝင် လူစုံထုတ်ခဲ့ပြီး ပွဲအစ လေးမိနစ်မှာပင် တိုက်စစ်မှူး ဆင်မြူရယ်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ရခိုင်အသင်း၏ ဦးဆောင်မှုမှာ သုံးမိနစ်သာကြာခဲ့ပြီး ခုနစ်မိနစ်တွင် စိုးမြတ်သူက ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုး ပြန်သွင်းခဲ့သည်။

 

ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန် ရှိခဲ့သော်လည်း ဂိုးထပ်မသွင်းနိုင်၍ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရန် တိုက်စစ်မြင့်လာပြီး ၅၆ မိနစ်တွင် ဇင်မင်းထွန်းက  မကွေးအတွက် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။

 

ဂိုးပေးလိုက်ရသောကြောင့် ရခိုင်အသင်း ချေပဂိုးပြန်ရရန် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ ကြိုးပမ်းခဲ့သည်။ ၇၅ မိနစ်တွင် ရခိုင်အသင်း ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် ကယ်ဗင်က ခေါင်းတိုက်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်၍ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

 

ပွဲစဉ် (၁) တွင် ဒဂုံ၊ လက်ရှိချန်ပီယံ ရန်ကုန်၊ Southern အသင်းတို့ သုံးမှတ်စီ ရထားပြီး၊ စစ်ကိုင်း၊ ရှမ်းယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီအသင်းတို့က တစ်မှတ်စီရထားကာ ဇွဲကပင်၊ ဟံသာဝတီနှင့် Chinland အသင်းတို့မှာ ရှုံးပွဲကြုံတွေ့ထားသည်။ ပွဲစဉ် (၂) ကို ဇန်နဝါရီ ၁၉၊ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

ညီမြတ်သော်တာ