ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

စစ်တွေ  ၂၁  ဇန်နဝါရီ 

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး  ဦးညီညီမင်းတို့နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက်  ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။

 

mdn


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမ၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး ထို့သို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ပညာ ရေးတိုးတက်မြင့်မားရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်နယ်၏ပညာ ရေးမြင့်မားရေးအတွက် ပြည်နယ်အစိုးရ၊ ဆရာ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် လာမည့်အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူငယ်များဖြစ်ကြောင်း၊ 

 

ဆရာ၊ ဆရာမများအနေဖြင့် ယခင်နှစ်က ကျောင်း၏ အောင်ချက်အခြေအနေကို တင်ပြစေလိုကြောင်း၊ သို့မှသာ အစိုးရအဖွဲ့အနေဖြင့် မည်သို့ကူညီဆောင်ရွက်ပေးရမည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကြိုးစားသင်ယူကြပြီး ကျောင်း၏ဂုဏ်၊ မြို့နယ်၏ဂုဏ်၊ ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

 

mdn

 

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်တို့က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေ၊ သင်ခန်းစာ ပြီးမြောက်မှု၊ ယခုနှစ်အောင်ချက် တိုးတက်နိုင်မည့်အခြေအနေတို့ကို ဆရာ၊ ဆရာမ များနှင့်ကျောင်းသား၊ ကျောင်းသူများကို မေးမြန်းကြသည်။  ထို့နောက် ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက် နေမှုတို့ကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် အောင်ချက်မြင့်မားအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများကို ထိုက်ထိုက်တန်တန်ဆုများ ပေးအပ်သွားမည်ဖြစ် ကြောင်းပြောကြားပြီး ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀) သိန်းကို ပေးအပ်သည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်း သာဘုရားကြီး ဓမ္မာရုံအတွင်း၌ ရွာကြီးတောင်ရပ်ကွက်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ရပ်ကွက် သူ၊ ရပ်ကွက်သားများက ရပ်ကွက်ဓမ္မာရုံ တည်ဆောက်ရန် မြေနေရာရရှိရေး၊ ကုန်သည်လမ်းကောင်းမွန်ရေးနှင့် ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းပေးပြီး ထောက်ပံ့ငွေ (၂) သိန်းကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)