ရခိုင်ရိုးရာ အစားအစာ မုန့်တီ

၁၂ ဇန်နဝါရီ

 

လူအများစု နေ့စဉ်စားသုံးကြတဲ့ အစားအစာတွေထဲမှာ မုန့်တီလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ရခိုင်မုန့်တီဆိုင်ကို မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာတွေ့ရပြီး ရခိုင်ပြည်နယ်မှာ ရခိုင်ရိုးရာအစားအစာအဖြစ်စားသုံးနေကြပါတယ်။ မုန့်တီတစ်ခွက်ကောင်းကောင်းသောက်ရဖို့ မုန့်တီဖတ်ဟာအရေးကြီးပြီး စက်လုပ်မုန့်တီ၊ လက်လုပ်မုန့်တီဖတ်ဆိုပြီး နှစ်မျိုးရှိတယ်။

 

စားသုံးနေသူများအနေနဲ့ ရခိုင်မုန့်တီဟင်းရည်ချိုတစ်ခွက် ကောင်းကောင်းသောက်ရဖို့ ငါးပိကောင်းဖို့နဲ့ ငါးကောင်းကောင်းရဖို့လည်း အဓိက လိုအပ်ပါတယ်။ ဟင်းချိုချက်ရာမှာ ငါးရွှေငါးအမျိုးအစားအပြင်ငါးလိပ်ကျောက်၊ ပုစွန်တို့ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ရခိုင်ကျေးလက်ဒေသတွေမှာရေသေရက် ငါးရှာမရတဲ့အခါ ကြက်သားဖြင့်ချက်ကြသလို အများအားဖြင့်တော့ ရခိုင်မုန့်တီဟင်းရည်အတွက် ငါးရွှေငါးနဲ့သာ ချက်တတ်ကြပါတယ်။

 

ရခိုင်မုန့်တီချက်ရန် လိုအပ်သောပစ္စည်းများ

 

၁။ ငါးရွှေ (သို့မဟုတ်) ငါးလိပ်ကျောက်၊ပုစွန်

 

၂။ ငါးပိ

 

၃။ ငရုတ်သီးစိမ်း

 

၄။ ကြက်သွန်ဖြူ / ကြက်သွန်နီ

 

၅။ ငရုပ်ကောင်းစေ့အမည်း

 

၆။ မန်ကျည်းသီး

 

၇။ နံနံပင်

 

၈။ ဆား တို့ လိုအပ်ပါတယ်။

 

မုန့်တီချက်ရာမှာ မီးဖိုနှစ်ခု တစ်ပြိုင်တည်းရှိနေပါက ပိုကောင်းသည်။ မုန့်တီချက်မည့် ငါးကိုဆေးကြောသန့်စင်ပြီး နူးအောင်ပြုတ်ပေးရပါမယ်။ နောက်မီးဖိုတစ်ခုမှာ ငါးပိကိုဆူပွက်အောင်ကြိုပြီး အနည်ထိုင်သည်အထိအအေးခံထားရပါမယ်။ ငါးပြုတ်ပြီးလျှင်ငါးအသားကို ဆယ်ပြီးအအေးခံကာ အရိုးနွှင်ထားပြီး ငါးပြုတ်ရည်ကို ဟင်းချိုချက်တဲ့အခါထည့်ဖို့အလို့ငှာ မလွင့်ပစ်မိဖို့ သတိပြုကြစေလိုပါတယ်။ ငါးပိကြိုထားတဲ့အိုးမှ အရည်ကြည်ကိုသာထည့်ပြီး ငါးပိအနှစ်ရည်ကို မထည့်သင့်ပါ။ပြီးလျှင် ငရုတ်သီးစိမ်းကို ပြုတ်ရပါမယ်။

 

ငရုတ်သီးကို ပြုတ်ခြင်းသည် ဗိုက်မနာအောင်ကာကွယ်ပေးတတ်လို့ပါ။မုန့်တီဟင်းရည်ကြိုမယ့် အိုးထဲမှာငါးပိရည်ကြည်၊ ငါးပြုတ်ထားသည့်အရည်၊ငါးအသားနွှင်ထားတာတွေနဲ့ ရေအနည်းငယ်ကိုပေါင်းထည့်ကာ ရေဆူပွက်လာသည်အထိ ကြိုပေးရမှာဖြစ်သလို ပြုတ်ထားတဲ့ငရုတ်သီးကိုထောင်းပြီး အာပူချက်အဖြစ်ငရုတ်သီးအနှစ်ကို အသုံးပြုကြခြင်းဖြစ်ပါတယ်။

 

ဟင်းရည်အိုးဆူချိန်ကို ကြာကြာထားပေးရပါမယ်။ ဆူပွက်ပြီးအနည်းငယ်ကြာချိန်ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့အမည်းရောထောင်းထားတာကို ဟင်းရည်အိုးထဲမှာထည့်ပေးရပါတယ်။

 

ဆားနဲ့ ဟင်းချိုအရသာမှုန့်ကိုလိုသလောက်ထည့်ကာ မုန့်ဖတ်ထည့်ပြီးလျှင်ရခိုင်မုန့်တီဟင်းရည်ချိုတစ်ခွက် စားသုံး၍ ရနိုင်ပြီဖြစ်ကြောင်းပါဗျာ။ ဟင်းချိုမှုန့်ကိုမထည့်လျှင်လည်းရပါတယ်။ရခိုင်မုန့်တီ အသုပ်နဲ့အရည် နှစ်မျိုးစလုံး စားသောက်နိုင်ဖို့ ကြက်သွန်နီကို ပါးပါးလှီးပြီးအချိန်အနည်းငယ် နေပူလှန်းထားဖို့ လိုအပ်ပါတယ်။ နေပူလှန်းထားတဲ့ကြက်သွန်နီကို နနွင်းဖြင့် ဆီချက်သတ်ထားရသလို မန်ကျည်းသီးအနှစ်ကိုဖျော်ထားဖို့ လိုအပ်ပါတယ်။ သံပရာသီးကြိုက်သူများအတွက် သံပရာသီး စိတ်ထားရပါမယ်။ တချို့ ငရုတ်သီးအကျက်မှုန့်နဲ့လည်းရောသုပ်စားတတ်ကြတယ်။ နံနံပင်ကြိုက်သူများအတွက် နံနံပင်ထည့်လျှင် အနံ့အရသာ ပိုကောင်းသလို ကိုယ်ကြိုက်ရာ ပဲကြော်၊ငါးဆုပ်ကြော်၊ ဝက်ဆီဖတ်တစ်မျိုးမျိုးနဲ့ အထက်ကလုပ်နည်းများအတိုင်း လုပ်ထားပြီးပြီဆိုလျှင်ရခိုင်မုန့်တီအရည်၊ အသုပ်နှစ်မျိုးစလုံးကို စားသုံး၍ ရနိုင်ပါပြီ။

 

အောင်ကြည်မိုး(စစ်တွေ)