ရတနာပုံအသင်း နောက်ကျဂိုးဖြင့် ရှမ်းယူနိုက်တက်ကို သရေကစား

ဇန်နဝါရီ ၁၉


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရခိုင်နှင့် ဇွဲကပင်အသင်း နိုင်ပွဲရယူနိုင်ခဲ့ပြီး ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်း သရေကျခဲ့သည်။


ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံနှင့် ရှမ်းယူနိုက်တက် အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။ ရတနာပုံအသင်းသည် နှစ်ပွဲဆက် နာကျင်အချိန်ပိုတွင် သွင်းယူသည့်ဂိုးဖြင့် အမှတ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးနိုင်ပွဲ ရယူနိုင်ရန် နီးစပ်ခဲ့သော်လည်း နှစ်ပွဲဆက် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။ ရတနာပုံအသင်းသည် ရှမ်းယူနိုက်တက်အသင်းအား နှစ်ရာသီဆက်တိုက် အိမ်ကွင်း၌ ရှုံးနိမ့်ထားမှုကို ယခုရာသီတွင် ရပ်တန့်နိုင်ခဲ့သည်။


ရှမ်းယူနိုက်တက် အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ထိုက်ထိုက်အောင်၊ ထက်ဖြိုးဝေ၊ တင်ဝင်းအောင်တို့ကို ပွဲထွက်လူစာရင်းတွင် ထည့်သွင်းကာ သီဟစည်သူ၊ နန္ဒကျော်၊ မေကွန်၊ ရန်နိုင်ဦး၊ ဂူစတာဗိုတို့ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။ ရတနာပုံအသင်းမှာလည်း အတောင့်တင်းဆုံး လူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ပွဲအစတွင် နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားရာ ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ၉ မိနစ်တွင် ထောင့်ကန်ဘောကို မေကွန်က ခေါင်းတိုက်သွင်းယူခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့သည်။ 


ရှမ်းယူနိုက်တက်အသင်း၏ ဦးဆောင်မှုမှာ မိနစ်အနည်းငယ်သာကြာခဲ့ပြီး ၁၂ မိနစ်တွင် ဝင်းနိုင်ထွန်းက ရတနာပုံအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ကစားပုံ ပိုကောင်းခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့၍ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျနေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးပမ်းခဲ့ပြီး ၅၄ မိနစ်တွင် ထက်ဖြိုးဝေက ရှမ်းယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။


ယင်းနောက်ပိုင်းတွင် ရတနာပုံအသင်းက ချေပဂိုးရရန် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြင့်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဂိုးပြန်ရခဲ့သည်။ မြတ်ကောင်းခန့် ကန်တင်ပေးသည့် ဘောလုံးကို ဝင်းနိုင်ထွန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက Southern အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Southern အသင်း၏ နှစ်ပွဲဆက်နိုင်ပွဲရရေး ကြိုးပမ်းမှုကို ဇွဲကပင်အသင်းက ရပ်တန့်ကာ  ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။ ၁၀ မိနစ်တွင် ထူးထူးအောင်က Southern အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ဇွဲကပင်အသင်းအတွက် ၂၃ မိနစ်တွင် သိန်းတန်က ချေပဂိုး၊ ၂၉ မိနစ်တွင် ပက်ထရစ်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ၅၉ မိနစ်တွင် ကောင်းစည်သူက Southern အတွက် ချေပဂိုးပြန်သွင်းခဲ့၍ လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၈၅ မိနစ်တွင် အန်ဒါဆင်ဝက်စ်က ဇွဲကပင်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့သည်။ 


ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက ဒဂုံအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် ဂိုးပြတ်ရလဒ်ဖြင့် ပထမဆုံးနိုင်ပွဲရခဲ့ပြီး အနိုင်ဂိုးများကို ၂၉ မိနစ်တွင် ဆင်မြူရယ်၊ ၇၁ မိနစ်တွင် ချမ်းဦးနှင့် မိနစ် ၉၀ တွင် တည်ငြိမ်မင်းတို့က သွင်းယူခဲ့သည်။ 


ဒုတိယနေ့ကို ဇန်နဝါရီ ၂၀ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဧရာဝတီအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ဟံသာဝတီအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်