ရုံးပတီသီးချဉ်စပ် ရခိုင်ချက်

၁၉ ဇန်နဝါရီ

 

ရခိုင်ဟင်းရယ်လို့ကြားလိုက်ရုံနဲ့ မျှင်ငါးပိ (ပုစွန်ငါးပိ)အနံ့သင်းသင်းနဲ့ ချဉ်၊ ငန်၊ စပ်၊ ပူရှိမ်းရှိမ်း အရသာတို့က တစ်ဆက်တည်း ပေါ်လွင်လာတာမို့ ခံတွင်းပျက်သူများပင် အစာစားချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ ရခိုင်ဒေသထွက် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များဟာ အရသာမှာလည်း လတ်ဆတ်ကောင်းမွန်ပြီး လူကြိုက်များတဲ့ ဒေသထွက် စားသောက်ကုန်ပစ္စည်းများ ဖြစ်ပါတယ်။

 

ရခိုင်အစာအစားများဟာ လူကြိုက်များပါတယ်။ ရခိုင်မုန့်တီ၊ ငါးနီတူသုပ်စသဖြင့် ရခိုင်ဟင်းလျာများက များပြားသလို ရိုးရာဟင်း များဟာလည်းဆီနည်းတာမို့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း စားသုံးရန် သင့်လျော်တဲ့ ဟင်းများဖြစ်ပါတယ်။ ယခု ပြင်ဆင်ချက်ပြုတ်မယ့် ရုံးပတီသီးဟာဆိုရင်ဖြင့် လူတိုင်းကြိုက်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ရုံးပတီသီးကို ဟင်းအဖြစ်ချက်စား၊ တို့စရာအဖြစ် ပြုတ်စား၊ ကင်စားလို့လည်း ရပါတယ်။ ရုံးပတီသီးဟာ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်ခုဖြစ်ရုံတင်မက သူ့မှာကျန်းမာရေးအတွက် အထောက်အကူပြုတာတွေ အများကြီးရှိပါတယ်။  အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်း၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ် သတ္တုဓာတ်လည်း ကြွယ်ဝစွာပါဝင်ခြင်းတို့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ အာရုံကြောအားကောင်းစေခြင်း၊ အသားအရေလှစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းနှင့် သွေးတိုးကျစေပါတယ်။


ပါဝင်ပစ္စည်းများ


ရုံးပတီသီး - ၂၅တောင့်


ပုစွန်ငါးပိ - လက်ဖက်စားဇွန်းတစ်ဇွန်းခွဲ


ကြက်သွန်နီ - နှစ်လုံး


မန်ကျည်းမှည့်နှစ် - အနည်းငယ်


ငရုတ်သီးစိမ်း - အနည်းငယ်


ဆီ - အနည်းငယ်


ဆား - အနည်းငယ်


ဟင်းခတ်မှုန့် - အနည်းငယ်


နံနံပင် - အနည်းငယ်

 

ပြုလုပ်နည်း

 

ရုံးပတီသီးနဲ့ငရုတ်သီးကို သန့်စင်အောင် ရေဆေးထားပါ။ ရေဆေးထားတဲ့ ရုံးပတီသီးကို သင့်တော်တဲ့ အရွယ်ပိုင်းဖြတ်ထားပါ။ ငရုတ်သီးစိမ်းကို ထောင်းထားပါ။ တစ်ဆက်တည်းမှာပဲ မျှင်ငါးပိကို မပျစ်မကျဲ အရည်ဖျော်ပါ။ မျှင်ငါးပိအရည်ဖျော်ထားတဲ့ထဲကို စောစာက ထောင်းထားတဲ့ ငရုတ်သီးကိုတစ်ပါတည်း ထည့်ဖျော်ပြီး ဆား၊ ဟင်းခတ်မှုန့် တို့ပါထည့်၍ အရသာဖျော်စပ်ထားပါ။ ပြီးလျှင် ကြက်သွန်နီကို အခွံသင်ပြီး ပါးပါးနုပ်နုပ်လှီးကာ ညက်နေအောင်ထောင်းပါမယ်။ အဲဒီနောက် ဒယ်အိုးထဲကို ဆီအနည်းငယ်နှင့် ထောင်းထားတဲ့ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ဆီသတ်တာ အနံ့ထွက်လာပြီဆိုလျှင် ဖျော်စပ်ထားတဲ့ မျှင်ငါးပိရည်ကိုထည့်ပြီး အဖုံးအုပ်ကာ ဆူလာသည်အထိ အဖုံးပိတ်ထားပါ။ ပွက်ပွက်ဆူလာပြီး၂ မိနစ်လောက် အဖုံးဆက်ပိတ်ထားပါ။ ပြီးလျှင် ပိုင်းဖြတ်ထားတဲ့ ရုံးပတီသီးထည့်ကာ သမအောင်မွှေပြီး မန်ကျည်းမှည့် အရည်ဖျော်ကို မိမိကြိုက်နှစ်သက်တဲ့ အချဉ်အနေအထားလောက်ထည့်ပြီး ၃ မိနစ်လောက် မီးပြင်းပြင်းလေးနဲ့ အဖုံးအုပ်ထားပါမယ်။ မီးမပြင်းလျှင် ရုံးပတီသီးက အဝါရောင်သန်းပြီး ခါးသလို ဖြစ်သွားတတ်ပါတယ်။ ၃ မိနစ်ပြည့်လျှင် အဖုံးဖွင့်ကာ မိမိကြိုက်နှစ်သက်တဲ့ အချဉ်၊ အစပ်၊ အငန်အရသာ အနေအထားကြည့်ပြီး နံနံပင်ကို အပေါ်ကအုပ်ပြီး အဖုံးခဏပိတ်ထားပြီးလျှင် ခဏနေသုံးဆောင်လို့ရပါပြီ။ 

 

ဖိုးမူလေး