သောင်တင်နေသော ရွှေ့ပြောင်းသွားလာသူ ၄၉ ဦးကို အီးယူရှစ်နိုင်ငံ လက်ခံမည် 

၁၀ ဇန်နဝါရီ

 

ဥရောပသမဂ္ဂအဖွဲ့ဝင် ရှစ်နိုင်ငံက  အာဖရိကတိုက်မှ ပြောင်းရွေ့သွားလာသူ ၄၉ဦး ကို လက်ခံမည်ဖြစ်ကြောင်း မော်တာဝန်ကြီးချုပ် ဂျိုးဇက်မတ်စကပ်က ပြောကြားသည်။

 

ဥရောပသမဂ္ဂနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အီတလီ၊ ဂျာမနီနှင့် အခြားခြောက်နိုင်ငံက ရွေ့ပြောင်းသွား လာသူများကို လက်ခံရန် သဘောတူညီခဲ့ကြောင်း ဂျိုးဇက်က ယမန်နေ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း  ရွေ့ပြောင်းသွားလာသူ ၄၉ ဦးကို အစိုးရမဟုတ်သည့် အဖွဲ့အစည်းများပိုင် သင်္ဘောများက မြေထဲပင်လယ်အတွင်းမှ ကယ်ဆယ်ခဲ့သည်။

 

၄င်းတို့ကို အီတလီနှင့် မော်လ်တာအပါအဝင် ဥရောပနိုင်ငံများက လက်ခံရန်ငြင်းဆန်ခဲ့ပြီး သင်္ဘောများပေါ်တွင် အဓမ္မ ဆက်လက်နေထိုင်စေခဲ့သည်။ ထိုသို့ ရွှေ့ပြောင်းသွားလာသူများကို လက်ခံရန်ငြင်းဆန်မှုက ဝေဖန်မှုများ ရှိလာစေခဲ့သည်။

 

အဆိုပါ ရွေ့ပြောင်းသွားလာသူများကို မော်လ်တာနိုင်ငံမှ ဥရောပရှစ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု ဂျိုးဇက်က ပြောကြားသည်။  ရွှေ့ပြောင်းသွားလာသူများ၊ ဒုက္ခသည်များအတွက် ဥရောပတိုက်သို့ ဝင်ရောက်ရာ အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် အီတလီနိုင်ငံက မူအားဖြင့် ရွှေ့ပြောင်းသွားလာသူများနှင့် ပတ်သက်၍ လက်မခံလို သောရပ်တည်ချက်ရှိသည်။

 

ဆင်းရဲနွမ်းပါးမှု သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခများကြောင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ လူပေါင်းများစွာမှာ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပတိုက်သို့ သွားရောက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn