သမ္မတထရန့်အား အက်ဖ်ဘီအိုင်က ၂၀၁၇ ခုနှစ်ကစပြီး စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်လျက်ရှိ

ဝါရှင်တန် ၁၄ ဇန်နဝါရီ 

 

အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)က သမ္မတထရန့်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ဆန့်ကျင်ပြီး ရုရှားနိုင်ငံနှင့် လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိကိုမူ ၂၀၁၇ ခုနှစ်ကစတင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သည်နယူးယောက်တိုင်းမ် သတင်းစာက ယနေ့သတင်းတွင် ဖော်ပြသည်။

 

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို ဒါရိုက်တာဟောင်း ဂျိမ်းကိုမီအား သမ္မတထရန့်က ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် အဆိုပါစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်ဟု သည်နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားထားကြောင်း သိရသည်။

 

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ ဝင်ရောက်စွက်ဖက်ခဲ့မှု ရှိ၊ မရှိနှင့် သမ္မတထရန့်သည် ရုရှားနိုင်ငံနှင့်လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိတို့ကို ဗဟိုစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများက ၂၀၁၇ ခုနှစ်တွင် စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်။ အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်း တရားရုံးချုပ်ရှေ့နေ ရောဘတ်မူလာအား အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ သို့သော် ရောဘတ်မူလာအနေဖြင့် အဆိုပါ တန်ပြန်စုံစမ်း ထောက်လှမ်းရေးကိစ္စနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ဆက်လက်လုပ်ဆောင်နေခြင်း ရှိ၊ မရှိကိုမူ အတိအကျ မသိရှိကြောင်း သည်နယူးယောက်တိုင်းမ် သတင်းစာက ရေးသားထားသည်။

 

ယင်းသို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက သူ့အား ခိုင်မာသောအကြောင်းပြချက်၊ သေအထောက်အထားများမရှိဘဲ ယခုကဲ့သို့ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်ပင် ဖြစ်သည်ဟု သမ္မတထရန့်က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

 

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆာဟာဆန်းဒါးစ် က အဆိုပါ စုံစမ်းစစ်ဆေးမှုသည် အဓိပ္ပာယ်ကင်းမဲ့လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

အေအက်ဖ်ပီ