ထားဝယ်ပိထော (ငါးပိထောင်း)၊ ပိသုပ် (ငါးပိသုပ်)

ငါးပိထောင်းကို ထားဝယ်ဒေသမှာက ထားဝယ်လေသံနဲ့ ပိထောလို့ပြောကြပြီး ငါးပိ သုပ်ကိုတော့ ပိသုပ်လို့ဆိုကြပါတယ်။ ငါးပိလို့ဆိုရာမှာ ရေချိုငါးပိနဲ့ မျှင်ငါးပိရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။ ရေချိုငါးပိက ငါးကို ပြုလုပ်ရတဲ့ငါးပိဖြစ်ပြီး မျှင်ငါးပိကတော့ မျှင်ကောင်(ပုစွန်ငယ်တစ်မျိုး) သက်သက်ကို သာလုပ်ရတာမို့ မျှင်ငါးပိလို့ ခေါ်ကြတာဖြစ် ပါတယ်။ မျှင်ငါးပိကိုအချို့က ငါးပိစိမ်းစား၊ စိမ်းစားငါးပိ၊ ပုစွန်ငါးပိရယ်လို့ မူကွဲအနေနဲ့ ခေါ်ကြပါသေးတယ်။

 

မျှင်ငါးပိပြုလုပ်ရာမှာ ရိုးရာနည်းကတော့ မျှင်ကောင်လေးတွေကို ဆားပေါက်၊ နေလှန်း၊ လက်ဆုံနဲ့ထောင်း၊ တစ်ခါနေပြန် လှန်း၊ လက်ဆုံနဲ့ပြန်ထောင်းပြီး အကြိမ်ကြိမ် လုပ်ရတာမျိုးပါ။ မျှင်ငါးပိကို ထောင်းစားကြ ရာမှာ ရခိုင်ထောင်း၊ အညာထောင်း စသဖြင့် ဒေသအလိုက် ထောင်းပုံထောင်းနည်း ကွာတာကို တွေ့ရပါတယ်။ ထားဝယ် ငါးပိထောင်း ထောင်းမယ်ဆိုရင် မျှင်ငါးပိ ကောင်းကောင်းရယ်၊ ပုစွန်ခြောက်၊ ငရုတ်သီး စိမ်းတောင့်နဲ့ ကြက်သွန်ဖြူတို့လိုပါမယ်။ မျှင်ငါးပိကိုမီးကင်ပြီး ငရုတ်သီးစိမ်းတောင့်နဲ့ ကြက်သွန်ဖြူတို့ကို ဒယ်အိုးနဲ့ အသင့်လှော်ထားပါ။

 

မျှင်ငါးပိကို မီးကင်ရာမှာတော့ အကျက် ညီဖို့လိုပါတယ်။ ငါးပိဖုတ်တာ လွယ်လွယ်လေး ပါလို့ထင်ပြီး ဖုတ်လိုက်ရင်တော့ တူးတဲ့အပိုင်း က တူးပြီး အကျက်မညီဖြစ်တတ်ပါတယ်။ ဒါကြောင့် ''ငါးပိဖုတ်တောင် ဆရာမပြ နည်းမကျ''လို့ ဆိုရိုးစကားရှိတာပါ။ ရှေးအခါ က ငါးပိဖုတ်ရာမှာ မြေစလောင်းဖုံးလေးတွေ မှာကပ်ပြီး မီးခဲမီးနဲ့ဖုတ်တာပါ။ ငါးပိကိုကပ်တဲ့ နေရာမှာ အထူအပါးညီအောင်ညှိကပ်ရပြီး ငါးပိသားပေါ်မှာ ချိုင့်ခွက်လေးများဖြစ်နေ အောင် လက်ညှိးနဲ့လိုက်ထိုးရပါတယ်။ ဒါမှ မီးအပူရှိန်ဟာ ငါးပိအရင်းသားအပိုင်းကို ညီမျှစွာရောက်ပြီး အကျက်ညီမှာဖြစ်ပါတယ်။

 

မျှင်ငါးပိမီးကင်ပြီးသွားရင်တော့ ရေစိမ် ထားတဲ့ ပုစွန်ခြောက်ကို ငရုတ်ဆုံမှာ လေးစိတ်ကွဲ ထောင်းပါ။ ပြီးက လှော်ထားတဲ့ ငရုတ်သီးစိမ်းတောင့်နဲ့ ကြက်သွန်ဖြူကို အခွံသင်ပြီး ထည့်ထောင်းပါမယ်။ အဆင့်ဆင့်ပြီး သွားရင်တော့ နောက်ဆုံးမှ ငါးပိကင်ကိုထည့်ကာ အားလုံးသမသွားအောင် ညက်ညက်လေး ထပ်ထောင်းလိုက်ရင် ထားဝယ်ပိထော မွှေးမွှေးလေးရပြီပေါ့။ ထားဝယ်ကျေးလက် တွေမှာတော့ အဲဒီပိထောကို မီးလေးပြန်ကင်ပြီး နံနက်စောစောစာအဖြစ် ထမင်းကြမ်းခဲနဲ့ စားကြသလို နေ့ခင်းနေ့လယ်ဘက်မှာလည်း မောရှင်သီး (မာလကာချဉ်သီး)လေးတွေနဲ့ တွဲပြီး သရေစာအဖြစ်စားတတ်ကြပါတယ်။ 

 

မာလကာချဉ်သီးဆိုတာက လောက်စာ လုံးအရွယ် မာလကာသီးအသေးစားလေးတွေ ဖြစ်ပြီး ချဉ်တဲ့အရသာရှိပါတယ်။ မိမိတို့ငယ်စဉ် ကလေးဘဝက သရေစာအဖြစ်စားခဲ့ရတာကို သတိရမိပါတယ်။ အဲဒီထားဝယ်ငါးပိတောင်းကိုပဲ ကြက်သွန်နီပါးပါးလှီး ရေဆေးပြီးထည့်၊ ပအုန်းရည်ကို ခပ်ပျစ်ပျစ်အနေအထားရအောင် ဆမ်းပြီးရောနယ်ကာ ထားဝယ်ပိသုပ် (ငါးပိ သုပ်)အဖြစ်လည်း နှစ်နှစ်ခြိုက်ခြိုက်စားကြ ပါသေးတယ်။ ပအုန်းရည်ဆိုတာက ဓနိသီး အရည်(ဓနိရည်)ကို နေပြပြီး အချဉ်ခံထားတဲ့ သဘာဝရှာလကာရည်ပါ။

 

တချို့ကတော့ ပအုန်းရည်အစား ရေငန်း သီးလှီးထည့်ပြီး သုပ်ပါတယ်။ အဲဒီရေငန်းသီး ငါးပိသုပ်ကလည်း တစ်မူထူးတဲ့ ရေငန်းသီး အချဉ်ကြောင့် အရသာဆန်းပြားလှပါတယ်။ မာလကာချဉ်သီးတို့၊ ရေငန်းသီးတို့ဆိုတာက ရှေးအခါက ကျေးလက်တွေမှာ အလေ့ကျ ပေါက်တဲ့ သဘာဝသရေစာသီးနှံတွေပါ။ အခုအခါမှာတော့ မတွေ့ရသလောက်ကို ရှားပါးနေပြီဖြစ်လို့ ကိုယ့်တိုင်းပြည်ရဲ့ ဒေသတွင်း သီးပင်စားပင်တွေ မျိုးသုဉ်းမသွားရလေအောင် ထိန်းသိမ်းသင့်လှပါတယ်။ မျှင်ငါးပိမှာက ရေငွေ့ဓာတ်၊ အသားဓာတ်နဲ့ ထုံးဓာတ် ပါဝင်တာကြောင့် အာဟာရတန်ဖိုး မြင့်မားတယ်လို့ ဆိုရပါမယ်။ ငါးပိထောင်းနဲ့ ငါးပိသုပ်ဆိုတာက ဆီမလိုတာမို့ ကျန်းမာရေး နဲ့လည်း ကိုက်ညီ၊ ချွေတာရေးလည်းကျတဲ့ အတွက် ကျေးလက်နေအခြေခံလူတန်းစားများ အတွက် မရှိမဖြစ်စွဲမက်ဖွယ်ရာ ဟင်းလျာ ကောင်း တစ်ခွက်ဖြစ်ကြောင်းပါဗျာ။

 

စံလွင်(ငါးဦးစီး)