"တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

နေပြည်တော် ၁၁  ဇန်နဝါရီ

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ နည်းပညာအကူအညီဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား " တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြင်ပပညာရှင်များ၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)