တောင်လေးလုံးပီတိ

၂၁ ဇန်နဝါရီ

 

အင်းအိုင်ဝိုက်လည်၊ မြို့ကြီးတည်ပြန် ၁၁၄၄ ခုနှစ်က၊ အမရပူရရွှေနိုင်ငံ ... ရေချိုတွင်းနဲ့ ပျံ့နန်းလှန် ...ရွှေဘိုမင်းဆက် မှန်နန်းစံ ... မြတ်ဘိုးတော် သူစီမံ၊ အင်းကြီးတောင်သမန်... တဲ့လေ ...။

 

တောင်တည့်တောင်သမန်

 

နန်းတော်ရှေ့ဆရာတင်က တောင်သမန်ကို ဖွဲ့ခဲ့သည်။ တကယ်တော့ တောင်သမန်က နန်းတော်ရှေ့ ဆရာတင်မှသာမဟုတ်။ ရှေးရှေးကတည်းက စာဆိုများ မျက်စိကျစရာနေရာ ဖြစ်ခဲ့ပါ၏။ စာဆိုအနုပညာရှင်များက တောင်သမန်ကို ရင်သပ်ရှုမောခဲ့ကြသည်။ မြန်မာပြည်အပူပိုင်းဒေသတွင်းမှ လယ်ယာဥယျာဉ်၊ ချောင်းမြောင်း၊ အင်းအိုင်၊ သစ်ရိပ်ဝါးရိပ်၊ ကျေးငှက် သာရကာ၊ ရေပျော်ငါး ...။ သာသနိကဆိုင်ရာဗိသုကာ၊ ထို့နောက် ... ကျွန်းသစ်တံတားကြီး ...။

 

ထို့ကြောင့် မင်းသားမောင်ကုတ်တေးက ‘ဇမ္ဗူခွန်ယူ ဝှန်ဆူဖြန့်မိုး၊ အုန်းပင် အုန်းခြိမ့် စိုးပါလို့လေး၊ သာမျိုး သာမျိုး ခြံရံ၊ တောင်တည့် တောင်သမန်’ ဟု ဖွဲ့ဆိုခဲ့သည်။ ဗျသီဆယ်ရွာစားဦးလွန်းပြေကမူ ‘ကဆုန် နယုန် ချိန်ခါ၊ ပြည်ကြီးတောင်လကျာ်၊ သောင်းယူဇနာကျယ်ဝင်း၊ တောင်သမန်တည့်အင်း’ ဟု ဖွဲ့နွဲ့ခဲ့ပြန်၏။ ပြင်စည်မင်းသားကြီးကလည်း ‘တောင်ဂန္ဓမာနန္ဒမူချာ၊ မဉ္ဇူမာလာ၊ သင်းပျံ့မွှေး၊ နတ်ကယ်ဖန် ကန်မင်းကဖွေး၊ ငါးမည်ရွှေကြာ၊ လေသာပျံ့သွေး ...’ ဟု သီကုံးခဲ့ပြန်သည်။ ကိုင်း ... ထားပါတော့ ...။

 

ပြင်စည် မင်းသားကြီးအစ ...၊ နန်းတော်ရှေ့ဆရာတင်အလယ် ... ကဗျာဆရာမောင်သင်းပန်အဆုံး... တောင်သမန်အင်းနှင့် တောင်သမန် ဝန်းကျင်က စာသီဖွဲ့လို့ မဆုံးနိုင်တော့ ... ။

 

တောင်လေးလုံးကျောင်းတိုက်

 

တကယ်တော့ ... သဘာဝပတ်ဝန်းကျင်အလှများကို စာဆိုအနုပညာသမားများက ဘဝနှင့်ထပ်ပြီး ချစ်ခင်မြတ်နိုးခဲ့ကြသည်။ သည်နေရာများနှင့် ထိတွေ့ဆက်စပ်ပြီး အနုပညာဉာဏ်တို့ ကွန့်မြူးရှင်သန်ခဲ့ကြ၏။ အခု... တောင်သမန် ဝန်းကျင်နေရာမှာ နွေအခါ ... ယာတောကိုင်းတော ... စမ်းရေ ...၊ တောင်လေသွေးနှင့် တံတားဦးပိန်အပေါ်လမ်းလျှောက်ဖို့ ...။ မိုးအခါ ကမ်းစပ်မည်စည်တန်းအခြေ၊ အင်းရေပုတ်ခတ်ပြီး ရှစ်မျက်နှာရေပြင်ထက် ... အုံ့မှိုင်းမိုးသား၊ စွေဖွဲမိုးစက်ကြား ...၊ ဦးပိန်တံတားချစ်သူလက်နွေး... ကိုယ့်လက်နွေးစေဖို့ ...။ ဆောင်းအခါ ...ပိန်းပိတ်နှင်းထုထဲ ...၊ လယ်တဲမီးခိုးငွေ့လူ ...၊ တောင်သူယာအသွား ...၊ နွားငေါက်သံ ခြူသံများ ယိမ်းနွဲ့တံတားအိုပေါ်က သဲ့သဲ့ကြားစေဖို့ ...။ ဒါကတော့ သာမန်ခံစားတတ်သူတွေအတွက်သာပေါ့...။ ဒါပေမယ့် မန္တလေးသားရသစာပေထိတွေ့ ခံစားသူများကတော့ ထိုထိုတောင်သမန်အလှများထက် ဦးပိန်တံတားထိပ် တောင်သမန်အင်းစောင်းကတောင် လေးလုံးကျောင်းတိုက်၊ စာရေးဆရာကိုပညာ(အမရပူရ)၊ ဝက်သားဟင်းလေးချက် ... တို့၏ အဝန်းအဝိ်ုင်းကို ပိုမိုမက်မောကြသည်။

 

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း

 

ကျွန်တော်တို့စာပေနှင့် စတင်ထိတွေ့ ကြစဉ်က ဘာရှိဦးမှာလဲ ...။ ၁၉၇၀ ကျော်ဝန်းကျင်ကာလပေါ့...။ ၁၉၇၅ ဆိုပါမှ လူပျိုပေါက်အရွယ်သာသာ...။ ကျွန်တော်တို့မျိုးဆက်က ‘လူထု’ အရိပ်ကို မမီခဲ့။ ‘ဟံသာဝတီ’ စနေစာပေဝိုင်း၊ တနင်္ဂနွေနေ့ စာပေယဉ်ကျေးမှုအချပ်ပို ... အရိပ်ခိုခဲ့ရသည်။ ၁၉၇၂ နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ် ဓမ္မဗိမာန် စာတမ်းဖတ်ပွဲနောက်ဆုံးထားပြီး ... အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့အခမ်းအနားများ၏ လက်ဆင့်ကမ်းအမွေဟုလည်းဆိုရမည်။ ထိုစဉ်ကာလ မန္တလေးစာပေအရပ်အဝန်းမှာက ‘ဆင်ကြီး’ များ ချည်းဖြစ်သည်။ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခချုပ် ဦးကျော်ရင်၊ ဦးဆန်းထွန်း (မန်းတက္ကသိုလ်)၊ ဦးချမ်းမြ (မြကေတု)၊ ကြည်မြ၊ ရွှေသွေး၊ ဒေါက်တာထွန်းရွှေ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ သိန်းသန်းထွန်း၊ မောင်မိုးသူ၊ တက္ကသိုလ်မောင်စောလွင်၊ မောင်သစ်လွင်(လူထု)၊မောင်သိန်းနိုင်၊ တက္ကသိုလ်မောင်ထွန်းဝေ ... စသည် စသည် ...။ လူကြီးပိုင်းအနေနှင့်က ကျောက်စာဝန် ဦးမြ၊ စစ်ကိုင်း ဦးဘိုးသင်း၊ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ ရွှေကိုင်းသား ...စသည် စသည် ...။ ကိုင်း ... နည်းတဲ့အင်အားလားလေ ...။

 

သတင်းစာဆရာကြီး အိုးဝေဦးညိုမြ

 

ထိုသို့သောပုဂ္ဂိုလ်ကျော်ကြီးများနှင့် ဆက်စပ်ပတ်သက်နေလေသော မန္တလေးစာပေအဝန်းအဝိုင်း အရိပ်အောက်ကြီးပြင်းရသည်ဟူသော ဒုလ္လဘတရားနှင့် ဂုဏ်ပုဒ်ကအလွန်ကြီးမားလှသည်။ ထို့ကြောင့် စာကလေး၊ ပေကလေးလက်လှမ်းမီသလောက် ဖတ်ရှုလေ့လာဖြစ်သောအခါ ‘တရားမင်’ လေသောကြောင့် ‘ပုဂ္ဂိုလ်ခင်’ ချင်လာမိသည်ကလည်း လူ့ဓမ္မတာဖြစ်ပါ၏။ ထို့ကြောင့် မန္တလေးစာပေအဝန်းအဝိုင်းအနား တိုးကပ် သထက် တိုးကပ် ...၊ နားစွင့်မိလေသောအခါ ထိုစဉ် ... (၁၉၇၅ ဝန်းကျင်) အခါသမယက ‘ဦးဇင်းကိုပညာကျောင်း’၊ ‘တောင်လေးလုံးကျောင်း’ ‘ဝက်သားဟင်းလေးချက်’ ဆိုသည့် စကားသံတွေ ခပ်စိပ်စိပ်ကြားလာရ၏။ ထိုစဉ်က တောင်သမန်အင်းစောင်း ကျောက်ခေတ်သစ်ယဉ်ကျေးမှုအသစ် တူးဖော်တွေ့ရှိမှုများအရ မန္တလေးတက္ကသိုလ် သမိုင်းပညာရှင်များအကြားလည်း ထိုစကားသံတွေ ကြားရသည်။ ထို့ပြင် ရှေးဟောင်းပေစာ ပုရပိုက်များနှင့် ပတ်သက်၍ ဆရာတော်ရွှေကိုင်းသားပြီးနောက် ထိတွေ့နှံ့စပ်နိုင်သည့် နေရာအဖြစ်လည်း တက္ကသိုလ်မြန်မာစာဌာန အဝန်းအဝိုင်းကြားမှာ ... ထိုအသံတွေ ကြားရပြန်သည်။

 

ကျွန်တော်က ရှေးဟောင်းသုတေသနကို ဝါသနာထုံသည့်အပြင် မြန်မာမှု ပန်းချီပန်းပုများကိုလည်း မြတ်နိုးလေတော့ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)တို့၊ ကိုဝင်းမောင် (တမ္ပဝတီ)တို့နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုရယူ ချဉ်းကပ်လေသောအခါ ... ထိုထိုဆရာများထံမှလည်း ဝက်သားဟင်းလေး၊ တောင်လေးလုံးကျောင်း၊ ကိုပညာ(အမရပူရ) ဟူသည့် စကားလုံးများကိုသာ အခါမလပ်ကြားသိလာရသည်။ နာမည်ကျော်စာရေးဆရာ သတင်းစာဆရာကြီး အိုးဝေဦးညိုမြကလည်း ဝါခေါင်လဆန်း တောင်ပြုန်းပွဲ အခါသမယကို အကြောင်းပြုပြီး အမရပူရတောင်သမန်အင်းစောင်း၊ တောင်လေးလုံးကျောင်းမှာ ရက်ရှည်လများ ကျောက်ချနေထိုင်သည့်သကာလ မန္တလေးစာပေအဝန်းအဝိုင်းနှင့် တောင်လေးလုံးကျောင်းတိုက်ကြား လွန်းထိုးထိစပ်မှုတွေ များပြားနေသည့်သဘောလည်းဖြစ်ပါ၏။

 

mdn

 

ဦးပိန်တံတားတစ်လျှောက် လမ်းလျှောက်ကာ

 

ဒီတော့ စာရူးပေရူး ကျွန်တော့်အဖို့ တောင်သမန်တောင်လေးလုံးကျောင်းသို့ ခြေချချင်လာ၏။ ဆရာတော်ကိုပညာ(အမရပူရ)ကို တွေ့ဖူးချင်လာ၏။ ဝက်သားဟင်းလေးအိုးချက်ကို မြည်းစမ်းချင်လာ၏။ စာရေးဆရာများနှင့် မည်စည်ပင်ရိပ်မှာ ဝိုင်းဖွဲ့ကာ စာပေစကားကြားနာချင်လာ၏။ စာရေးဆရာများနှင့် ဦးပိန်တံတားတစ်လျှောက် လမ်းလျှောက်ကာ ကဗျာသံစာသံတွင် ရင်ခုန်ချင်လာ၏။ သို့သော် ထိုအာသီသများက ရင်ထဲမှာ ပဲသိမ်းထားရသည့် ‘အုံ့ပုန်း’ များပဲ ဖြစ်ပါသည်။ နှုတ်မှ မထုတ်ဖော်ဝံ့။ ဘယ့်နှယ် ...မလောက်လေးမလောက်စားက ... ရာရာစစ ဟု မျက်မှောင်ကျုံ့ ကြချေမည်။ သို့သော် ထိုအာသီသများကား လျော့ပါးသွားခြင်း မရှိလေဘဲ တိုး၍တိုး၍သာ ဖြစ်ပေါ်လာလေပြီ။

 

တကယ်တော့ တောင်သမန်အင်းနှင့် ဦးပိန်တံတားဆီသို့ မရောက်ဖြစ်ဖူးဆိုလျှင်ပင် တစ်နှစ် နှစ်ခေါက်တော့ ရောက်ဖြစ်သည်။ မန္တလေးသားတွေဆိုတော့လည်း သည်လေးငါးဆယ်မိုင်ခရီးကို စက်ဘီးကိုယ်စီနှင့် သွားရခြင်းက အရသာထူးလည်း ဖြစ်သည်။ ဤသို့ဖြင့် ၁၉၇၅ နှင့် ၁၉၈၀ ပြည့်နှစ်ကျော်ကာလ တောင်သမန်အပျော်ခရီးတွေ မတူလေတော့တာသေချာသည်။ ၁၉၈၀ ပြည့်နှစ်ကျော်ကာလမှာ မည်စည်ပင်တွေအောက် စားဖို့သောက်ဖို့ ဝိုင်းဖွဲ့ဖို့၊ တံတားပေါ်လျှောက်ဖို့ အပျော်ငှက်လှေစီးဖို့ ဆိုတာတွေထက် တောင်လေးလုံးကျောင်းဆိုတာ ...၊ ကိုပညာ(အမရပူရ)ဆိုတာ ... ကိုပဲ အာရုံရောက်နေသည်။ ဘယ်နေရာဆိုတာသည်ပင်လျှင်မသိ ...။ ရောက်ဖူး၊ ဝင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးချင်သော်လည်းအကြိမ်ကြိမ် မျိုသိပ်ချုပ်တည်းရသည့် ဆန္ဒများပဲ ဖြစ်ခဲ့သည်။

 

စာစကား၊ ကဗျာစကားတွေ

 

ဤသို့ဖြင့် ထိုထိုဆန္ဒတွေက ၁၉၈၅ ခုနှစ် ဝန်းကျင်မှပဲ ပြည့်တော့သည်။ ၁၉၈၄ ခုနှစ် မန္တလေးဦးကျားကြီးဝင်း မီးကြီးလောင်အပြီး မန္တလေးအရှေ့ မြောက်မြို့နယ် စာပေလုပ်သားအဖွဲ့ အစီအစဉ်အဖြစ် မြို့လယ်ဓမ္မသာလာခန်းမမှာ စာပေဟောပြောပွဲကျင်းပသည်။ ဆရာမြသန်းတင့်၊ ဆရာမခင်ဆွေဦး ...၊ ဆရာတင်မိုး၊ ဆရာဝင်းခက်တို့ ဖြစ်သည်။ သည်ဟောပြောပွဲအခမ်းအနားမှာ ကျွန်တော့်အစ်မဖြစ်သူ ဒေါ်ခင်ဝင်းနွယ်က မန္တလေးရိုးရာယဉ်ကျေးမှု အစဉ်အလာအရ တပင်တိုင်အကဖြင့် ဖွင့်လှစ်ရန် တာဝန်ယူခဲ့သည်။ ဆိုပါတော့ ...ဤစိန်နားကပ်အရောင်ဖြင့် ကျွန်တော်သည် အစ်မနောက်က လိုက်ပါရင်း ... စာရေးဆရာကြီးများနှင့် နီးကပ်ခဲ့ရသည်။ နောက်နေ့ စာရေးဆရာကြီးတွေကို တောင်လေးလုံးကျောင်းတိုက်နှင့် တောင်သမန်အင်း၊ ဦးပိန်တံတားများသို့ လိုက်ပို့ရာတွင် ‘အမြှောင်’ လိုက်ခွင့်ရပါ၏။ တောင်လေးလုံးကျောင်းတိုက်သို့ ရောက်ပါ၏။ ကိုပညာ (အမရပူရ)ကို ဖူးတွေ့ရပါ၏။ နာမည်ကျော် ဝက်သားဟင်းလေးချက်၊ ငရုတ်သီးကြော်၊ ပဲနှပ်၊ မှန်ရောင်ဟင်းချိုများနှင့် ထမင်းလက်ဆုံစားကြရပါ၏။ အောင်ခြင်းရှစ်ပါးဓမ္မာရုံထဲ နှီးချောဖျာကြီးတွေပေါ် စာရေးဆရာ၊ဆရာမကြီးများနှင့် နီးကပ်စွာထိုင်ရင်း စာစကား၊ ကဗျာစကားတွေကြားနာရပါ၏။ ဦးပိန်တံတား တစ်လျှောက် ကျောက်တော်ကြီးဘုရားအထိ ... အသွားအပြန်လမ်းလျှောက်ရင်းဆရာ၊ ဆရာမများနှင့် နီးကပ်ခဲ့ရပါ၏။ ကျွန်တော် ... တောင်လေးလုံးကျောင်းတိုက်နှင့် ကိုပညာ(အမရပူရ)တို့၏ အံ့မခန်းအေးမြသော စာရိပ်ပေရိပ်ကို အဲဒီကတည်းက စွဲလမ်းခဲ့ပါလေတော့သည်။ အေးမြအဖိုးတန်ပါလေဘိ။

 

ကျွန်တော်ကား ကုန်လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း တောင်လေးလုံးကျောင်းတိုက်သို့ အကြိမ်ကြိမ်ရောက်လေတိုင်း ၁၉၈၅ ခုနှစ်က ပထမဆုံးရောက်ခဲ့ဖူးသော ‘တောင်လေးလုံးပီတိ’ ကို သတိတရလွမ်းဆွတ်မှုက အသစ်အသစ်ဖြစ်နေရဆဲ။ အခုတောင်လေးလုံးသခင် ကိုပညာ(အမရပူရ) မရှိတော့သည့်နောက် ထိုအလွမ်းတွေက ဆတိုးကိန်းနှင့် ပွားကာများပြားလာတော့မှာ သေချာသည်။

 

ဆူးငှက်